Home ထိပ်တန်းသတင်း အာဏာပိုင်များ တားဆီးမှု‌ကြောင့် နယ်စပ်ကုန်သွယ်မှု ပိုမိုခက်ခဲလာ

အာဏာပိုင်များ တားဆီးမှု‌ကြောင့် နယ်စပ်ကုန်သွယ်မှု ပိုမိုခက်ခဲလာ

2658
မတ်လ ၁၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်း ဝင်‌ရောက်‌နေသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ဆက်လက် တင်သွင်းကုန်စည်ကူးသန်းခြင်း မပြုရန် မြဝတီမြို့ရှိ အစိုးရအာဏာပိုင်များက မတ်လအတွင်း သတ်မှတ်‌ပြောဆိုလိုက်သည့်အ‌ပေါ် နယ်စပ်ကုန်သွယ်မှုမှာ ပိုမို ခက်ခဲကြပ်တည်းလာသည်ဟု မြန်မာကုန်သည်ကြီးများက ‌ပြောဆို‌နေကြသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်‌နေ့က မြဝတီခရိုင် ‌အေးချမ်းသာယာ‌ရေး‌ကောင်စီ (ခရက) ဥက္ကဌ ဦးခင်‌မောင်လွင် ပါဝင်သည့် အာ ဏာပိုင်အဖွဲ့သည် မြဝတီမြို့ရှိ ကုန်သည်များကို လာ‌ရောက်‌တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ‌ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုအ ချိန်တွင် ကုန်ပစ္စည်းသယ်ယူမှုမှာ ပိုမို‌ဝေးလံစွာ ‌ကွေ့‌ကောက်သယ်ယူရသည်ဟု ကုန်သည်တဦးက ‌ကေအိုင်စီကို ‌ပြောသည်။

(မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းတွင် သွားလာ‌နေသည့်ကားများ - Photo-KIC)

၎င်းက “၈ရက်‌နေ့က အာဏာပိုင်‌တွေက ဂို‌ဒေါင်‌တွေရှိထားတဲ့ ကုန်သည်‌တွေကို ‌ခေါ်‌တွေ့ပြီး ယိုးဒယားက လာတဲ့ကုန်ပစ္စည်း ‌တွေကို သတ်မှတ်ထားတဲ့အချိန်အထိ မတင်သွင်း‌တော့ဖို့ ‌ပြောတယ်။ တကယ်လို့ ယူသွင်းရင်‌တော့ ဖမ်းဆီးသိမ်းဆည်းမှု‌တွေ လုပ်မယ်လို့ ‌ပြောတယ်။ နဂိုက ကုန်သွယ်‌ရေးဇုံကို ပတ်ပြီး တံတားကျိုးအထိ အ‌ပေါ်လမ်းက ‌ကွေ့ပတ်သယ်ယူ‌နေရ‌ပေမဲ့ အခု ကျ‌တော့ အတွင်း ထို့‌ကော်ကိုးလမ်းဖက်က‌နေ လှည့်ပတ်သယ်ယူ‌နေရတယ်။ အဲဒီဖက်ကကျ‌တော့ လမ်းကလည်းမ‌ကောင်း၊ မိုးကလည်းရွာ‌တော့ အလုပ်လုပ်ရတာ အ‌တော် အခက်‌တွေ့တယ်။”ဟု ဆိုသည်။

 

သို့‌သော် ပြည်ပသွင်းကုန်ကူးသန်းမှု ခွင့်ပြုမည့်ရက်ကို ၎င်းအာဏာပိုင်များက အတိအကျ ထုတ်‌ဖော်‌ပြောဆိုသွားခြင်း မရှိ‌ပေ။ ယခုအချိန်တွင် အစိုးရအာဏာ လွဲ‌ပြောင်းမှုမပြီး‌သေးသည့်အတွက် တက်လာမည့် အစိုးရသစ်မှ ကုန်သွယ်‌ရေးလုပ်ငန်း စီမံခန့် ခွဲသည့်အချိန်ကျမှသာ ကုန်သည်များအ‌နေဖြင့် ကုန်တင်သွင်းမည့်လုပ်ငန်းများကို လုပ်ကိုင်သွားကြရန်လည်း ၎င်းတို့က ‌ပြော ဆိုသွားခဲ့သည်ဟု ‌ခေါ်ယူ‌တွေ့ဆုံရာတွင် သွား‌ရောက်ခဲ့သူ ကုန်သည်များက ‌ပြောသည်။

ထို‌နေ့တွင် အဓိကအားဖြင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းဂို‌ဒေါင်များ ထားရှိသည့် ကုန်သည် ၅၄ဦးကို ‌ခေါ်ယူထားခဲ့‌သော် လည်း တကယ်တမ်း ‌တွေ့ဆုံရာတွင် ကုန်သည် ၂၈ဦးနှင့်အတူ မြဝတီမြို့နယ် ခရက ဥက္ကဌ၊ ကုုန်သွယ်‌ရေးဇုံမှူး ဦး‌အောင်စိုး သိန်း၊ တပ်မမှူး ဗိုလ်မှူးချုပ်နို်င်ဝင်း၊ ဗျူဟာမှူး စသည့်မြို့နယ်အာဏာပိုင်များ တက်‌ရောက်ခဲ့ကြသည်ဟု ကုန်သည်အသိုင်းအ ဝိုင်းက ‌ပြောသည်။

မြဝတီမြို့ရှိ ကုန်သည်များသည် ၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၁၈ရက်‌နေ့က ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတားကို မြန်မာဘက်မှ ပိတ်ခဲ့သည့်‌နောက်ပိုင်း ထို်င်းဘက်မှဝင်လာသည့် ကုန်ပစ္စည်းမျိုးစုံကို နယ်ခြား‌စောင့်တပ် BGF နှင့် အချိတ်အဆက်ယူကာ တင်သွင်းခဲ့ရသည်ဟု BGF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ‌ပြောသည်။

၎င်းက “တရားဝင် တင်သွင်းခွင့်‌တော့ မ‌ပေးဘူး‌ပေါ့။ ဒါ‌ပေမယ့် ကုန်သည်‌တွေက‌တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အထဲကို သွင်း ‌နေကြတာပဲ။ အခုရက်ပိုင်း အာဏာပိုင်‌တွေက နှစ်ရက်တခါ သုံးရက်တခါ စစ်‌ဆေးမှု‌တွေ လုပ်တဲ့အချိန်ကျ‌တော့ အကြပ်အ တည်း နည်းနည်းအခက်‌တွေ့တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အဓိက အချက်အခြာကျသည့် မြဝတီမြို့တွင် မြို့ခံများအပြင် ရန်ကုန်၊ ‌မော်လမြိုင်၊ ပဲခူး၊ ဖားအံ၊ ‌ကော့ကရိတ်နှင့် အခြား‌ဒေသအချို့မှ ကုန်သည်များလည်း နယ်စပ်စီးပွား‌ရေး လာ‌ရောက်လုပ်ကိုင်လျှက်ရှိရာ ယခုလပိုင်းအတွင်း နယ်ခြား‌စောင့်တပ် လက်မခံသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များ လာ‌ရောက်ပစ်ခတ်နိုင်သည်ဟု ‌ကောလဟလ ထွက်‌ပေါ်‌နေသည့်အ‌ပေါ် ကုန်သည်အ‌တော်များများက မိမိဇာတိများသို့ ပြန်ကုန်ကြပြီးဖြစ်သည်ဟု မြို့ခံများက ‌ပြောသည်။

မြို့ခံတစ်ဦးက “မြဝတီမှာလည်း ဒီ‌ကေဘီ‌အေ‌တွေ လာပစ်မယ်ဆိုတဲ့သတင်း ကြားထားတယ်‌လေ။ လုပ်ကိုင်စား‌သောက်ရတာ အဆင်မ‌ပြေတာက တမျိုး၊ လုံခြုံ‌ရေးကတမျိုးမို့ မြို့ခံမဟုတ်တဲ့ ကုန်သည်‌တွေ ပြန်ကုန်ကြပြီ။ အခုဆို မြဝတီက ကုန်သည်‌တွေ တစ်ဝက်‌လောက် ‌လျော့ကုန်‌တော့ မြို့ဟာ ‌ခြောက်ကပ်‌နေတာပဲ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ဆိုတဲ့ ကုန်သည်‌တွေ‌လောက်ပဲ အနည်းအကျဉ်း ရှိ‌တော့တယ်။”ဟု ဆိုသည်။

မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုနှင့် မဲ‌ဆောက်-မြဝတီ ကုန်သွယ်‌ရေးလမ်း‌ကြောဖြစ်သည့် ချစ်ကြည်‌ရေးတံတားကို ယမန်နှစ် ဇူလိုင်လက စတင် ပိတ်ထားခဲ့‌သော်လည်း ထိုင်းနိုင်ငံထွက် ‌ဆောက်လုပ်‌ရေးပစ္စည်းများ၊ လူသုံးကုန်၊ စား‌သောက် ကုန်များ၊ လယ်ယာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ‌ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို တရားမဝင် လမ်း‌ကြောင်းများမှတဆင့် ပုံမှန် တင်သွင်းလျက်ရှိပြီး မြန်မာဘက်က လယ်ယာထွက်ကုန်များ၊ ‌ရေထွက်ကုန်များ၊ သစ်‌တောထွက်ပစ္စည်းများ၊ ချည်ထည်နှင့် အခြားထွက်ကုန်များ တင်သွင်းလျက်ရှိသည်။