နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် နအဖ စစ်တပ်တို့ ကြား ယနေ့မနက် မြန်မာစံတော်ချိန် ၉နာရီမှစ၍ ယခုနေ့ခင်းပိုင်းအချိန်ထိ မြဝတီမြို့တွင်း၌ ဒီကေဘီအေနှင့် နအဖ စစ်တပ်များ ပစ် ခတ်မှု သုံးနေရာ ဆက်တိုက် ဖြစ်ပွားခဲ့ရာ မြဝတီမြို့တွင်းမှ လူထု ၃ဦး သေဆုံးပြီး ၂ဝဦး ဒဏ်ရာရရှိသည်ဟု သိရသည်။
နှစ်ဖက်တပ်များမှာ ယမန်နေ့ညကတည်းက အင်အားများ ထပ်မံ တိုးချထားပြီး ယခု ပစ်ခတ်မှုမှာ မြဝတီတံတားအောက်၊ မြို့တွင်းရှိ နအဖ ရှေ့တန်းရုံးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ နေရာယူထားသည့် ဓိဌာန်အောင်ကုန်းတွင်လည်း လက်နက်ကြီးများဖြင့် စတင် ပစ် ခတ်ခဲ့ပြီး လက်ရှိအချိန်တွင် အလုံးပေါင်း ၂၀ကျော်ရှိပြီဟု ဒီကေဘီအေနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။
“မနက်ကတည်းက တံတားအောက်ကနေ ဆက်တိုက်ဖြစ်လာလိုက်တာ အခုဆို အလုံး ၂၀ကျော်ပြီ။ အသံကတော့ 79 လက်နက် သံပဲ။ လက်နက်ငယ်တွေ သိပ်မကြားရဘူး။ ရှေ့တန်းရုံးနားမှ ဖြစ်တဲ့ပစ်ခတ်မှုမှာ ဆိုက်ကားသမား အပါအဝင် လူ ၃ယောက် ပွဲချင်း ပြီးသေတယ်။ ဒဏ်ရာနဲ့ ဆေးရုံရောက်သွားတာက အယောက် ၂ဝလို့ သူနာပြုဆရာမက ပြောတယ်လေ။”ဟု ဆိုသည်။
မြဝတီ-မဲဆောက် တံတား၏ မြန်မာဘက်ခြမ်းတွင် ဒီကေဘီအေနှင့် နအဖတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နအဖဘက်မှပစ် သည့် 81 အမျိုးအစားလက်နက်ကြီးတလုံးနှင့် 79 ကျည် ၃လုံး ထိုင်းဘက်ခြမ်းသို့ ကျရောက်ခဲ့မှု ကြောင့် ထိုင်းအရပ်သား ၁၉ ဒဏ် ရာရှိခဲ့သည်ဟု သိရသည်။
ဒီကေဘီအေ တပ်များသည် တံတားဘက်ကို ကျောပေး၍ မြဝတီမြို့တွင်းဘက်တွင် ရှိသည့် နအဖ စစ်တပ်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖတပ်များက ပစ်ခတ်သည့်လက်နက်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ကာ ထိုင်းအရပ်သားများ ယခုလို ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
တချိန်တည်းတွင်ပင် ဒီကေဘီအေ တပ်မဟာ(၅) အခြေစိုက်ရာ ဝေါ်လေဒေသတွင်လည်း ဒီကေဘီအေနှင့် နအဖ တပ်များ တိုက်ပွဲ တပွဲဖြစ်ပွားခဲ့ပြီး ဒီကေဘီအေဘက်မှ နအဖ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ကော့ကရိတ်မြို့ဘက်တွင် လည်း ဒီကေဘီအေတပ်များက နအဖ အရာရှိတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)က ၎င်းတို့တပ်များက ယနေ့မနက် ၁၁နာရီကျော်တွင် နအဖ စစ်သား ၈ဦးကို ဖမ်းဆီးမိခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ နအဖအရာရှိတစ်ဦးလည်း ပါဝင်သည်ဟု ကေအိုင်စီကို ပြောသည်။
လက်ရှိအချိန်တွင် ဒီကေဘီအေတပ်များ မြဝတီတစ်မြို့လုံးကို ဖြန့်ကျက်သိမ်းဆည်းထားသည့် အခြေအနေတွင် ရှိနေပြီး မြဝတီ လူထုမှာ အတော်ကြောက်လန့်နေကြကြောင်းနှင့် ထိုင်းဘက်ခြမ်း ချစ်ကြည်ရေးတံတားအောက်၌လည်း သတင်းထောက်များနှင့်အ တူ တံတားထိပ်မှစ၍ မဲဆောက်မြို့အဝင် ကားလမ်းကြီးအတိုင်း လုံခြုံရေးတပ်များ လက်နက်အပြည့်အစုံနှင့်အတူ အင်အား ထပ်မံ ဖြည့်ဆည်းထားသည်။
ယနေ့ နေ့ခင်းအထိ နောက်ဆုံးရရှိသည့်သတင်းအရ ထိုင်းနယ်ခြားစောင့်တပ်များကလည်း ၎င်းတို့နယ်သို့ ပစ်ခတ်မှု ထပ်မံ ကျော် လွန်လာပါက ပြန်လည်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။