အယ်ဒီတာ့အာဘော်
ယခုအချိန်ထိ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ဖြစ်မလာသေးသည့် ကရင်ပြည်နယ်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းမှုသည် လူထုအတွက် စိတ်ဝင်စားမှု လုံးလုံးလျားလျား မရှိ။ သို့သော် ဇူလိုင်လနောက်ပိုင်းအတွင်း ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ် ခမ်းမွှေး) ဦးဆောင်သည့် အင်အား ၁၂၀၀ကျော်ရှိ တပ်မဟာ(၅)သည် စစ်အုပ်စု၏ နယ်ခြားစောင့်တပ်ကို လက်မခံသည့်အသံ များ ၎င်း၏အသိုင်းအဝို်င်းမှပင် ကြားသိခဲ့ရသည်။ ထိုအဖွဲ့သည် ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်း၏ ဖိအားပေး ဆွေးနွေးမှုကိုလည်း လက်မခံ၊ နအဖ စစ်အုပ်စု၏ ဆင့်ခေါ်မှုကိုပါ ငြင်းဆန်ခဲ့သည်။ မိမိတို့အနေဖြင့် နယ်ခြားစောင့်လည်း အသွင်မပြောင်း၊ ကေအဲန်ယူနှင့်လည်း မပူးပေါင်းဟု ခံယူရပ်တည်ကြသူများအဖြစ်လည်း တဆင့်စကား ကြားရပြန်သည်။
ဤအခြေအနေတွင် နအဖ စစ်တပ်၏ ခြိမ်းခြောက်မှု တစုံတရာကြောင့် ၎င်းတို့အနေဖြင့် မိမိတို့ထိန်းချုပ်ရာဒေသမှ ကျေးရွာသူ ရွာသားများကို ချပြရှင်းလင်းခဲ့ပြီး လိုအပ်ပါက တိုက်ပွဲမဖြစ်ခင် ကြိုတင်ရှောင်တိမ်းမှုများ လုပ်ဆောင်ရန် ဆော်ဩထားသည့်အ လျောက် ဇူလိုင်လ ၂၅ရက်နေ့ကလည်း ရွာသား ၉၀၀ကျော် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာမှုတစ်ခု ဖြစ်ခဲ့သည်။
ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင် မဖြစ်ဖြစ်အောင် ပြောင်းလိုသည့် စစ်တပ်၏ နိုင်ငံရေး ဗျူဟာကို လက်ခံသူများနှင့် လက်မခံသူများ ဒီကေဘီအေအတွင်း၌ အထက်ပိုင်းကော အောက်ခြေတွင်ပါ ရှိနေသည်။ ကရင် အချင်းချင်း မတိုက်လိုဟု လူထုကြား အစဉ်တစိုက် ကြွေးကြော်နေသူ ဒီကေဘီအေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး ချစ်သူက အချက်လေးချက်ဖြင့် နယ်ခြားစောင့်တပ်ကို လက်ခံလိုက်သည်။ ထိုအချက်များမှာ ၁)မိမိတို့အင်အားဖြင့် နအဖတပ် များကို ပြန်တိုက်၍ မရနိုင်ခြင်း ၂)နယ်ခြားစောင့်တပ်ကို ငြင်းဆန်ပါက အပြန်အလှန် ပစ်ခတ်မှုများကြား လူထုထိခိုက်နိုင်ခြင်း ၃)မိမိတို့ ရရှိထားနှင့်သော အခွင့်ထူး၏ အကျိုးဖြစ်ထွန်းမှုများကို မစွန့်လွှတ်နိုင်ခြင်းနှင့် ၄)မိမိတို့၏ မိသားစုများနှင့် အေးချမ်း စွာ နေထိုင်လိုခြင်း စသည့်အချက်များပင် ဖြစ်သည်။
၁၉၉၄ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်ကာ အာဏာရှင် စစ်အစိုးရဖြင့် ပြန်လည်ပူးပေါင်းသွားခဲ့သည့် ဒီကေဘီအေအဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး နောက်ဆုံးနေ့ဖြစ်သည့် ဧပြီလ ၂၈ရက်နေ့ကလည်း လက်ခံရန် မဝံ့ရဲခဲ့။ ဒီကေ ဘီအေအနေဖြင့် ကရင်ပြည်နယ်တစ်ခုတည်းရှိ ကရင်လူထုများ၏ အသက်အိုးအိမ်နှင့် ဘဝလုံခြုံရေးကို မည်မျှအထိ ကာ ကွယ်လုပ်ဆောင်ပေးခဲ့ပြီးပြီလဲ။ လူထု၏ ချွေးနဲစာ၊ လုပ်အား မပါဝင်ဘဲ ရပ်ရွာဒေသ တိုးတက်ဖွံ့ဖြိုးမှုကို ရာခိုင်နှုန်းမည်မျှ ပေး ဆပ်ခဲ့ပြီးပြီလဲ။
လက်ရှိအချိန်တွင် ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကို ကူးသန်းသွားလာနေသည့် ချစ်ကြည်ရေးတံတား အပါအဝင် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဖွင့်ထားသည့် ဂိတ်ပေါင်း ၂၀ကျော်မှာလည်း စစ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ပိတ်ထားလျှက်ရှိသည်။ ထိုင်း နိုင်ငံမှ တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းကာ ရရှိလာသည့် ဂိတ်ခွန်များ၊ မြဝတီကုန်သွယ်ရေးဇုံတွင် စာရင်းမပြဘဲ ဒီကေဘီ အေအမည်ဖြင့် ကားကြီးများပေါ် တင်ဆောင်သယ်ယူ ရရှိလာသည့် ငွေကြေးများမှာ တစ်လနီးပါး ပိတ်ထားသည့် ဂိတ်အခြေ အနေကြောင့် အတိုင်းအဆမရှိ ထိခိုက်နေရသည်။
ဤသည်မှာ စစ်အစိုးရ၏ နယ်စပ်စီးပွားရေး ပိတ်ဆို့မှု ပထမခြေလှမ်းပင် ဖြစ်သည်။ ဆက်လက်၍လည်း နယ်ခြားစောင့်တပ် တံ ဆိပ်တပ်ဆင်ပြီး နောက်သကာလ၌ မိမိတို့ ဖြစ်ထွန်းကြီးပွားထားခဲ့သည့် ခြံမြေ၊ တိုက်တာ၊ ဥစ္စာပစ္စည်းများစွာမှာ တစတစနှင့် ပြုတ်ပြုန်းပျက်သုဉ်းသွားပေတော့မည်။ အနှီ နယ်ခြားစောင့်ကို လက်ခံသူများအနေဖြင့် မစစ်မှန်သည့် ရွေးကောက်ပွဲအပြီး နအဖ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် အမြင့်ဆုံးရာထူး ဗိုလ်မှူးအဆင့်ဖြင့် နိဂုံးသတ်ရမည့် အနာဂတ်ပင်။ ဝေဖန် သူအချို့က နယ်ခြားစောင့်ကို ငြင်းဆန်သည့်အဖွဲ့မှာလည်း စစ်တပ်၏ အလုံးအရင်း ထိုးစစ်ဆင်မှု သို့မဟုတ် အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းသည့် တိုက်ပွဲမျိုးကိုလည်း ဖန်တီးလာနိုင်သည်ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးကို ကာကွယ်ရပ်တည်နေသည့် ဒီကေဘီအေ တပ်မှူးတပ်သားများအနေ ဖြင့် ဆယ်စုနှစ်တခုကျော်ကြာ ၁၅နှစ်တာ ညစ်ညမ်းခဲ့သည့် သမိုင်းဇာတ်ခံတစ်ခုကို ရူးသွပ်မိုက်မဲစွာ လျှောက်လှမ်းမည်လား။ သို့တည်းမဟုတ် လာမည့်ဘေးကို ရင်ဆိုင်ပြီး လူထုကိုယ်စားပြုသူများဘက်က ရပ်တည်ကာ ရွေးချယ်ရမည့် လမ်းနှစ်သွယ်အ နက် လမ်းကျန်တဖြစ်လည်း လမ်းမှန်ကို လျှောက်လှမ်းသွားသင့်ပါကြောင်း ။