မန်းကိုကို
၂၆၊၀၃၊၂၀၁၀
မြင်မိတာကို ပွင့်ပွင့်လင်းလင်းပြောရရင် ပထမဆုံးအနေနဲ့ ကောင်းတာမကောင်းတာ အပထား
ရွေးကောက်ပွဲရဲ့ရုပ်လုံးဟာ တဖြည်းဖြည်းနဲ့ပေါ်စပြုလာပြီလို့ ပြောလို့ရမယ်ထင်ပါတယ်။
အပြေးအလွား မှတ်ပုံတင်ကြမယ့်ပါတီတွေထဲမှာ လက်တစ်ဆုပ်စာပါတီကြီးတွေကလွဲရင် ခွေးလေးခုန် လို့ ဖုန်မထပေမယ့် ခုန်ကိုခုန်လိုက်ရမှ ကျေနပ်နိုင်မယ်ဆိုသူတွေလည်း အတော်လေးများနေတာ တွေ့ လိုက်ရလို့ ဒီစာကိုရေးလိုက်ရတာပါ။
၁၉၉ဝ ရွေးကောက်ပွဲတုန်းက ရုပ်မြင်သံကြားကနေ ပါတီတွေကို အချိန်နည်းနည်းစီပေးပြီး အခွင့်အရေး ပေးသလိုလိုနဲ့ လွတ်ပေးလိုက်တာ ပေးသမျှအချိန် မိနစ်ပိုင်းလေးမှာ အနှစ် ၃ဝနီးပါး ကင်းကွာခဲ့ကြတဲ့ နိုင်ငံရေးစကားတွေကို အမြီးအမောက် မတည့်တာတွေပြော၊ လူပျက်တွေလို အသုံးခံခဲ့ကြရတာ လူငယ် တွေကလွဲပြီး အများစုက သတိရကြမယ် ထင်ပါတယ်။
(အခုအချိန်အထိ) အရေးအပါဆုံးနဲ့ တိုင်းပြည်ရဲ့အနာဂါတ်ကိုပုံဖေါ်နိုင်တဲ့ အင်အားစုလို့ ယုံကြည်မိတဲ့ NLD ကိုပဲ ဦးတည်ပြီးနည်းနည်း ပြောချင်ပါတယ်။ စိတ်ဆိုးချင်လဲဆိုး လိုရင်းကို တည့်တည့်ပြောမှ အကျိုးများမယ်ထင်လို့ အားမနာပါးမနာဘဲ ပြောပါရစေ။
အဓိကအနေနဲ့က သုံးချက်ရှိပါတယ်၊
၁။ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုထားတဲ့ NLD ရဲ့ရပ်တည်မှု၊
၂။ ပါတီအနေနဲ့ရော၊ နိုင်ငံရေးနိုးကြားမှုဘက်မှာပါ ရေသေနီးပါးဖြစ်နေမှု၊
၃။ လူထုအတွင်းနဲ့ ပါတီအတွင်းမှာပါ လှုပ်ရှားမှုနဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်
ဖေါ် ဦးဆောင်ရာမှာ (အထွေထွေ) လိုအပ်ချက်တွေနဲ့ ပြည့်နေမှုတွေပါ။
ပထမ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍကိုကြည့်ပါ၊ သူမရှိရင် NLD မှာ ရေနည်းငါးလို ဆန့်ငင်ဆန့်ငင်ဖြစ် နေတတ်တဲ့ အားနည်းချက်ကို တစ်နည်းတစ်ဖုံ ပြင်ဆင်မှုတွေ လုပ်ထားသင့်ပြီလို့ ထင်ပါတယ်။
ဒုတိယအချက်အနေနဲ့ NLD ရဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေကို မမြင်ရတဲ့အချိန်က အများစုလို့ မြင်မိ တယ်။ အားမလို အားမရလို့ ပြဿနာတွေအဖြစ်နဲ့ အောက်ခြေက ရိုက်ခတ်လာတာတွေကိုလည်း အခွင့်အရေးတွေလို့မြင်ပြီး လမ်းညွှန်ပျိုးထောင်ပေးခဲ့တာမျိုး အင်မတန်နည်းတယ်လို့လည်း ယေဘုယျ မြင်နေကြရတယ်။
တတိယအချက်ကတော့ ကျယ်ပြန့်လွန်းလို့ နမူနာတစ်ခုပဲ ပြောလိုပါတယ်။ သံဃာ့အရေးအခင်းတုန်းက NLD ရဲ့ အင်မတန်နောက်ကျတဲ့ တုံ့ပြန်မှုဟာ ပြည်သူတွေအတွက် မချင့်မရဲဖြစ်စရာပါ။ အခက်အခဲတွေ ရှိတာကို နားလည်ပေးနိုင်ပေမယ့် ဒီကနေ့လို “ပညာ ဗဟုသုတ” ခေတ်ကြီးမှာ ပြည်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုအနေနဲ့ အမြန်ဆုံး၊ အမှန်ဆုံး ဆုံးဖြတ်ချက်တွေသုံးပြီး ဦးဆောင်မှုအခန်း ကဏ္ဍကို ပေးဖို့လိုပါတယ်။ အထူးသဖြင့် အခုလို ပြည်သူတွေထဲမှာ အတော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချိန်ဟာ NLD အတွက် အထူးပဲအရေးကြီးပါတယ်။
(ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားစွဲတာမျိုး စည်းဘောင်ထဲကလုပ်တာတော့ မှန်တယ်ထင်ပါတယ်။)
ဒီအချိန်မှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ လမ်းဆုံလမ်းခွကိုရောက်နေပါတယ်။
NLD ဘာလုပ်မလဲ။ ရွေးစရာလမ်းတွေရှိပါတယ်။ အနည်းဆုံးတော့ –
– ပြည်သူ့အင်အား၊ ပါတီအင်အားကို ယုံကြည်စိတ်အပြည့်ထားပြီး လုံးဝအရှော့မပေးပဲ တင်းခံထားလို့ ရပါတယ်။ ပြည်တွင်းပြည်ပမှာ ရှက်စရာကောင်းလောက်အောင် မအောင်မမြင်ဖြစ်တဲ့ ရွေးကောက်ပွဲ တစ်ခုအဖြစ် အဓိပ္ပါယ်သက်ရောက်အောင်လုပ်နိုင်ခဲ့ရင် လက်ရှိအစိုးရက ကမ်းလှမ်းမှုတွေ မလွဲမသွေ လုပ်လာရပါမယ်။ “မလုပ်လာဘူးဆိုရင်ကော” လို့လဲကြိုတွေး၊ ကြိုပြင် ရပါမယ်။ လက်ရှိအနေအထားကို တိုက်ပွဲလို့ သဘောထားလိုသူများအတွက် ဒါဟာလည်း တိုက်ပွဲအသွင်တစ်မျိုးပါပဲ။
– နိုင်ငံရေးကစားတတ်ရင် ပါတီကိုနှစ်ခြမ်းခွဲပြီး တစ်ခြမ်းက (နာမည်ပြောင်းပြီးဖြစ်ဖြစ်) ရွေးကောက်ပွဲဝင် ခြေကုတ်တစ်လှမ်းယူထားမယ် ဆိုရင်လည်းရပါတယ်။ မလုပ်တတ်ရင်တော့ ဆေးစားမှားသလို ဖြစ် သွားနိုင်ပါတယ်။
– ပါတီမှာ လုံလောက်တဲ့အင်အား၊ အစီအစဉ်၊ အထောက်အပံ့နဲ့ စိတ်ဓာတ်တွေရှိနေကြတယ်လို့ ယုံ ကြည်သလား။ ဒါဆိုရင်လည်း ရွေးကောက်ပွဲဥပဒေနဲ့ ညီနိုင်အောင်ညှိပြီး ရွေးကောက်ပွဲဝင်ရင်လည်း ရပါတယ်။ သတိထားစရာက ရှူံးမယ်သေချာရင် ညစ်မယ့်၊ ပွဲဖျက်မယ့် စစ်အစိုးရရဲ့ ခန့်မှန်းရခက်ပြီး ယုံကြည်ဖို့ရာကလည်း အစဉ်အလာမကောင်းတဲ့ ရှေ့ကလုပ်ဆောင်ချက်တွေ ရှိပါတယ်။
ဒီနေရာမှာ –
– ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ အနာဂါတ်အရေး၊
– ရွှေဂုံတိုင် ကြေငြာစာတန်းရဲ့ ကဏ္ဍ၊
– ဒေါ်စုနဲ့ အတက်ကြွဆုံး၊ အရည်အချင်းရှိပြီး အနစ်နာခံနေကြတဲ့ ရာ၊ ထောင်နဲ့ချီတဲ့ နိုင်ငံရေး
အကျဉ်းသားတွေရဲ့ ကဏ္ဍ၊
– ပါတီဝင်နဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထား၊
– မြင်နိုင်တာကော မမြင်နိုင်တာတွေကော ပြည့်နှက်နေတဲ့ စစ်အစိုးရရဲ့ ထောင်ချောက်တွေကို
လည်း လစ်လျူရှုလို့ မရနိုင်ပါဘူး။
အထူးသဖြင့် အခုလိုအခြေနေမျိုးမှာ NLD ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်ခံနေရမှာတော့ အမှန်ပဲ။
အခုပဲ ပါတီမှတ်ပုံတင်ရေးဆိုပြီး NLD ကို သွေးတိုး စစမ်းနေပါပြီ။ NLD ကနေ ဒီကိစ္စကိုအစောကြီး
ဆုံးဖြတ်ရင် သူတို့ပိုတောင်ကြိုက်ပါလိမ့်မယ်။ အခုထိ ကြံ့ဖွတ်တွေနာမည်ကြိုထွက်ထားသလောက်
လှုပ်ရှာမှု သိသိသာသာမရှိပဲ ငြိမ်ကုပ်ပြီးနေတာတွေ့နိုင်ပါတယ်။ ပိုင်ပြီဆိုမှ သူတို့ရဲ့ ဝှက်ဖဲတွေကို
စထုတ်နိုင်ပါတယ်။ ဒေါ်စုကို လွတ်ပေးတာမျိုး၊ သတ်မှတ်ရက် ၆ဝ ပြည့်ခါနီး NLD ဆုံးဖြတ်ချက်
တွေ ပြန်ပြင်ရလဲခက်ခက် အခြေအနေမျိုးတွေကို သူတို့စောင်ြ့ပီးဖန်တီးနိုင်ပါတယ်။
တစ်ခါ ပါတီအဖျက်ခံရင်၊ မတရားအသင်းကြေငြာခံရရင်ဆိုပြီး စိုးရိမ်သူတွေရှိနိုင်ပါတယ်။
လက်ရှိမြင်ရသမျှကတော့ NLD ဟာ မတရားအသင်းကြေငြာပြီး ဖျက်သိမ်းခံထားရတဲ့အနေအထား
ထက်ပိုကောင်းနေတယ်လို့ မြင်နိုင်စရာကိုက မရှိပါဘူး။ သန်းခေါင်ထက်ညဥ့်နက်အုံးမယ်တောမထင်
ပါ။ NLD အနေနဲ့ တရားဝင်မြေအောက်လှုပ်ရှားမှုအင်အားစုဘဝရောက်ရောက်၊ အသိအမှတ်ပြုဘဝနဲ့
ဆက်နေနေ ဦးဝင်းတင်ပြောသလိုပဲ နိုင်ငံရေးရှိဖို့ပဲလိုတယ်လို့ အကြံပြုလိုပါတယ်။
ဒါ့ပြင် လူအတော်များများအတွက် အနှောင့်အယှက်ပေးခံရမှာ၊ ထောင်ကျမှာ အင်မတန် တွေးပူစရာတ ချက် ဖြစ်ပါတယ်။ တွေးစရာတစ်ချက်ရှိပါတယ်၊ တစ်ကယ်လို့ လူအားလုံးမဟုတ်ရင်တောင် အများစုက တစ်နည်းတစ်ဖုံနဲ့ အစိုးရကိုဆန့်ကျင်နေကြရင်ဖြစ်စေ၊ ဆန့်ကျင်နေသူတွေကို ကူညီနေကြရင်ဖြစ်စေ စစ် အစိုးရက (ထားပါတော့) နိုင်ငံရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ဖမ်းပြီးထောင်ထဲထည့်ထားနိုင်မှာလား။ NLD အနေနဲ့ ပြည်သူတွေကို နိုးကြားအောင်၊ သိသင့်တာတွေသိလာအောင်၊ ဒီမိုကရေစီဘက်တော်သားတွေ အကူအညီရအောင်၊ အစိုးရကိုနည်းမှန်လမ်းမှန် စနစ်တကျ ဆန့်ကျင်အောင်၊ စစ်အစိုးရရဲ့ တိုက်ကွက် တွေကို ပါးပါးနပ်နပ်နဲ့ စုပေါင်းအင်အားကို အသုံးပြုပြီး ဘယ်လိုရှောင်တိမ်းတတ်အောင် ပြည်သူတွေကို ဘယ်လိုစည်ရုံးပညာပေးမလဲလို့ပဲ မေးစရာရှိပါတော့တယ်။
တစ်ဖက်မှာလည်း ရွေးကောက်ပွဲဝင်လိုသူတွေရဲ့ သဘောထားတွေကိုကြည့်လိုက်ရင် –
(က) (နေ့ပြောနောက်ကြည့်ဆိုသလို) အတတ်နိုင်ဆုံး ထိန်းသိမ်းပြောကြတာတွေ့ရမယ်၊ ဘယ်အရာ
မှ မရေရာတာ သူတို့အားလုံး ကောင်းကောင်းသဘောပေါက်ကြတယ်။
(ခ) အများစုမှာ စိတ်စေတနာကောင်းတွေ ဖေါ်ပြနေကြပေမယ့် နိုင်ငံရေးကို ကြေကြေညက်ညက်
နားလည်တဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူး၊ မဟာဗျူဟာ၊ နည်းဗျူဟာ ဆိုတာတွေကတော့
ဝေးရော၊ ဒီလိုပြောရတာ အထူးသဖြင့် အသက်ကြီးသူတွေကို အားလည်းနာတယ်။
ဒီတော့ ဒီလိုအမတ်များကနေ လွှတ်တော်မှာ (ကြိုးစားပေမယ့်) နေရာကြိုယူ၊ တစ်ချက်လွှတ် ဗစ်တို
အာဏာကိုင်ထားသူစစ်ဗိုလ်တွေနဲ့ယှဉ်ပြီး ထိရောက်အောင်ဘာတွေများ လုပ်နိုင်ကြမလဲ၊ မျှော်လင့်ရ
မလဲ။ မျှော်လင့်ချက်ကတော့ NLD လို ပါတီကြီးတွေမှာပဲ ရှိတော့တယ်။
အနှစ်ချုပ်အနေနဲ့ NLD အတွက် အဓိက ရွေးစရာနှစ်လမ်းရှိတယ်လို့ မြင်ပါတယ်။
၁။ အကျိုးအင်မတန်များမယ်၊ ဗိုလ်ချုပ်တွေမညစ်ဖူးလို့ယုံတယ်၊ ပိုင်တယ်ထင်ရင် တစ်နည်းနည်းသုံးပြီး
ရွေးကောက်ပွဲအတွက်ပြင်ဆင်
၂။ မပိုင်လောက်ဘူးထင်ရင် ရွေးကောက်ပွဲကိုဘေးဖယ်၊ သိက္ခာရှိမယ့် (အင်အားဖြည့်၊ ခံတပ်ဆောက်၊
ပြည်လုံးကျွတ် ပျောက်ကျားစစ်ဆင်ရေး) နည်းလမ်းကိုရွေးရုံပါ။
ချွင်းချက်တစ်ခုထဲရှိပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုမရှိရင်တော့ ဘာရွေးစရာလမ်းမှမရှိဘူးဆိုတာပဲ။