ဒီဇင်ဘာလ ၃၀၊ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ထီဖိုးသန်ရွာသူရွာသားများသည် ရွာပြင်ရှိ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်များတွင် သွားရောက်နေထိုင်ကာ အလုပ်လုပ်ခွင့်မရှိဘဲ ရွာတွင်းပြန်လာကြရန် နအဖတပ်မှ ယခုလ ၂၅ရက်နေ့က စတင် အမိန့်ထုတ်ညွန်ကြားထားသည်ဟု ဒေသခံများက ပြော သည်။
“ဒီလို ညွန်ကြားတာက နအဖ ခမရ(၃၅၇)က စစ်ကြောင်းမှူးပါ။ သူတို့တပ်ဟာ ထီဖိုးသန်မှာ ပြောင်းလာတာ မကြာသေးဘူး။ အရင်က နေသွား တဲ့ တပ်တွေက ဘာမှမပြောပေမယ့် အခု စစ်ကြောင်းမှူး ဗိုလ်မှူးသန်းထွန်းအောင်က ရွာသူရွာသားတွေ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အကုန်ရှိရ မယ်။ ရွာပြင်မှာ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးဆိုတဲ့သဘော အခုလို လုပ်တာ”ဟု ကေအိုင်စီကို ပြောသည်။
စစ်ကြောင်းမှူး၏ ညွန်ကြားချက်ထဲတွင် ယခုလို ရွာအပြင်ဘက်ရှိ လယ်ယာ၊ တောင်ယာလုပ်ငန်းများတွင် တဲထိုး၍ ရက်အနည်းငယ် သွား ရောက်နေထိုင် လုပ်ကိုင်နေကြသည့် ရွာသူရွာသားများကို လာမည့် ဇန်နဝါရီလ ၁၅ရက် နောက်ဆုံးထားကာ ကျေးရွာအတွင်းသို့ ပြန်ရောက်ရ မည်ဟု အမိန့်ထုတ်ထားပြီး တောင်ယာထဲမှ လယ်တဲများတွင် စပါးများတွေ့ရှိပါက အကုန်မီးရှို့ပစ်မည်ဟုပြောကြောင်း အဆိုပါဒေသခံက ပြော သည်။
ယခုအချိန်သည် တောင်ယာစပါးစိုက်ပျိုးရန် စတင်ခုတ်ထွင်နေပြီဖြစ်သည်ကတကြောင်း၊ ရိတ်သိမ်းပြီးသား လယ်ယာစပါးများကို နေအိမ်သို့ မ သယ်ဆောင်လာရသေးသဖြင့်လည်း ရွာသူရွာသားများအနေဖြင့် စစ်တပ်၏ အဆိုပါ ညွန်ကြားမှုအပေါ်အခက်တွေ့နေရသည်။
အလားတူ ကရင်ပြည်နယ်၊ ဝင်းရေးဒေသ၊ တောင်စွန်းကျေးရွာတွင် အခြေချလှုပ်ရှားနေသော ဒုဗိုလ်မှူးကြီး တင်မောင်မောင် ဦးစီးသည့် နအဖ ခမရ(၄၀၇)တပ်ဖွဲ့က ၎င်းတို့တပ်စခန်း ပြုပြင်ရန်အတွက် ရွာသူရွာသားများကို ဒီဇင်ဘာ (၂၅)ရက်နေ့တွင်ပင် ခေါ်ယူခိုင်းစေကြောင်း သိရသည်။
နအဖတပ်များသည် ပြီးခဲ့သော နိုဝင်ဘာလမှစ၍ ၎င်းတို့ ဝင်ရောက်လှုပ်ရှားအခြေချရာ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်နှင့် ဒူးပလာယာ ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေများတွင် တပ်ရိက္ခာ သယ်ယူပို့ဆောင်ရန်နှင့် တပ်စခန်းများ တည်ဆောက် ပြုပြင်ရန်အတွက် ဒေသခံလူထုများကို လုပ်အားခိုင်းစေမှုများ စတင်လုပ်ဆောင်လျှက်ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။