Home သတင်း ‌ရွှေနှင့် သစ်လုပ်ငန်းအတွက် ဒီ‌ကေဘီ‌အေ အင်အား (၇၀၀)ခန့် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်သို့ ‌ရောက်ရှိ‌နေ

‌ရွှေနှင့် သစ်လုပ်ငန်းအတွက် ဒီ‌ကေဘီ‌အေ အင်အား (၇၀၀)ခန့် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်သို့ ‌ရောက်ရှိ‌နေ

2155
‌အောက်တိုဘာလ ၂၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် ဒီ‌ကေဘီ‌အေ တပ်မဟာ (၃၃၃)နှင့် (၉၉၉)မှ အင်အား ၇၀ဝခန့်မှာ ယခုရက်ပိုင်းအတွင်း ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား‌ဒေသသို့ ‌ရောက်ရှိလှုပ်ရှား‌နေ‌ကြောင်း ‌ဒေသခံများ၏ သတင်း‌ပေးချက်အရ သိရသည်။

အဆိုပါ ဒီ‌ကေဘီ‌အေတပ်ဖွဲ့များမှာ (၃၃၃)တပ်မဟာမှ အင်အား ၄၀၀‌ကျော်ရှိ တပ်ရင်းနှစ်ရင်းနှင့် (၉၉၉)တပ်မဟာမှ အင်အား ၂၀၀‌ကျော်ခန့်ရှိ တပ်ရင်းတရင်းတို့က သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ဖာပွန်ခရိုင် ဒွဲလိုးမြို့နယ်တွင် ‌ရွှေတူး‌ဖော်ရန်နှင့် သစ် ထုတ်လုပ်ရန်အတွက် ရည်ရွယ်ကာ ယခု ရက်သတ္တပတ်တွင် ‌ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း အ‌ကောင်အထည်‌ဖော် ‌ရေးအတွက် (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီးချစ်သူကိုယ်တိုင် ညွန်ကြားလျှက်ရှိသည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၅) စစ်ဘက် ဆိုင်ရာ တာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောပြသွားသည်။

“အဲဒီ‌ဒေသမှာရှိတဲ့ ကျ‌နော်တို့ လူ‌တွေရဲ့သတင်း‌ပေးချက်အရ စစ်‌ကြောင်း‌တွေနဲ့ ဗိုလ်ချစ်သူပါလာပြီး‌တော့ နတ်ကြီးမှာ ရှိ‌နေ တယ်ဆိုတာ ‌သေချာသ‌လောက်ပဲ။ သူတို့ရဲ့ရည်ရွယ်ချက်က‌တော့ ဒွဲလိုးမြို့နယ်မှာရှိတဲ့ မယ်တိုး‌ဒေသမှာ သစ်လုပ်မယ်။ မယ် ဝိုင်‌ဒေသမှာ ‌ရွှေတူးမယ်။ စီးပွား‌ရေး လုပ်မယ်‌ပေါ့၊ အဲဒီ‌ဒေသတဝိုက် လုံခြုံ‌ရေးအတွက် သူတို့တပ်‌တွေ ချထားမယ်။ တဆက် တည်းမှာ ကားလမ်း‌တွေ ပြင်ဖို့်၊ ‌ဖောက်ဖို့အတွက် အခုလှုပ်ရှားတာ ဖြစ်တယ်”ဟု ‌ကေအဲန်ယူ တပ်မဟာ (၅) တပ်‌ရေးဗိုလ် ဗိုလ်မှူး‌စောကလယ်ဒို့က ဆိုသည်။

ယခုအချိန်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၃၃၃)မှ အင်အား ၂၀ဝခန့်ရှိ‌သော ဒုဗိုလ်မှူးကြီး ဖားဘိခို့ ဦးစီးသည့် တပ်ရင်း(၂)နှင့် အင်အား ၂၅၆ဦးရှိ ဒုဗိုလ်မှူးကြီး ဟန္နရီ၏ တပ်ရင်း(၃)အဖွဲ့တို့က ဘီးလင်းနှင့် ဒွဲလိုးမြို့နယ်စပ်ကြား‌ဒေသများဖြစ်သည့် မယ် ပ‌လေးခီး၊ ‌ဝေါမူ၊ ခူးသူးထာ့စသည့်‌ဒေသများတွင် ‌ရောက်ရှိ‌နေပြီး ဗိုလ်မှူးကြီးချစ်သူ ဦးစီး၍ အင်အား ၂၇ဝခန့်ရှိ‌သော (၉၉၉) တပ်ရင်းတရင်းကလည်း ထို‌ဒေသတွင် ဝင်‌ရောက်လှုပ်ရှား‌နေ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၅)မှ ‌ဆေးတပ်ဗိုလ်ကြီးတဦးက ‌ပြောသည်။

သူက “ဗိုလ်ချစ်သူနဲ့အတူ (၉၉၉)က တပ်ရင်းတရင်း ပါသွားတယ်။ ဘယ်တပ်ရင်းလဲ‌တော့ ကျ‌နော် တိတိကျကျ မသိဘူး။ ‌သေ ချာတာက‌တော့ အခု ‌ရွှေတူး‌ဖော်ဖို့နဲ့ သစ်လုပ်ငန်း‌တွေလုပ်ဖို့ ဘီးလင်းနဲ့ ဒွဲလိုးနယ်ကြား‌ဒေသ‌တွေမှာ ‌ရောက်‌နေတယ်။ အဲဒီ နတ်ကြီးတို့၊ ‌ဝေါ်မူး၊ မယ်ချုံ၊ ကွီးတမား စတဲ့‌ဒေသ‌တွေက ဘီးလင်းနဲ့ ဒွဲလိုးကြား‌ဒေသ‌တွေ ဖြစ်တယ်။ ဘီးလင်းမြို့ရဲ့ ‌မြောက် ဘက်အရပ်မှာ ရှိတယ်”ဟု ဆိုသည်။

ဖာပွန်ခရိုင်ရှိ မယ်တိုး၊ မယ်ဝိုင်‌ဒေသအတွင်း ‌ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် အဆိုပါ ဒီ‌ကေဘီ‌အေတပ်ဖွဲ့များက ‌ရွှေ တူး‌ဖော်‌ရေး စက်ပစ္စည်းများကို ကား ၉စီးနှင့် သယ်‌ဆောင်လာခဲ့ပြီး ဘီးလင်းမြို့နယ် နတ်ကြီး‌ကျေးရွာသို့ ယခုလ (၁၉)ရက် ‌နေ့က ‌ရောက်ရှိလာခဲ့‌ကြောင်း ‌ကေအဲန်ယူ သထုံခရိုင်မှ သတင်း‌ပေးပို့ထားသည်။

ယခုလ ၁၇ရက်‌နေ့က ဒီ‌ကေဘီ‌အေ (၉၉၉)နှင့် (၉၀၇)တပ်ဖွဲ့ဝင်များသည် ကားအစီး(၃၀)ခန့်နှင့်အတူ မြဝတီမြို့မှ‌နေ၍ သထုံ၊ ဘီးလင်းမြို့နယ်ဘက်သို့ ထွက်ခွာသွားခဲ့‌ကြောင်း ကိုယ်တိုင်ပို့‌ဆောင်‌ပေးခဲ့သူ ကားသမားတဦးက ယခုလို ‌ပြောသည်။ “ဒီ‌ကေ ဘီ‌အေ‌တွေက ကျ‌နော့်စိတ်ထင် အင်အား ၇၀၀‌လောက် ရှိတယ်။ ကျ‌နော်တို့ သထုံ၊ ဘီးလင်းအထိ သူတို့ကို လိုက်ပို့လိုက်ရ တယ်”ဟု သူက ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ‌ကေအိုင်စီမှ ဒီ‌ကေဘီ‌အေအရာရှိများထံ ဆက်သွယ်မရခဲ့‌သော်လည်း ဒီ‌ကေဘီ‌အေ မိသားစုဝင်တဦးက “သူတို့သွားတာက‌တော့ သထုံဘက်ကိုပဲ။ တပ်ရင်း‌တွေအားလုံးနီးပါးပဲ ပါတယ်။ သွားတာက အများကြီးပဲ။ ဗိုလ်ချစ်သူက အကြီးဆုံးဆို‌တော့ ပါရင်လည်း ပါသွားမှာ‌ပေါ့”ဟု ဆိုသည်။

ထို့အပြင် ‌ရွှေနှင့် သစ်လုပ်ငန်းများ အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် သထုံခရိုင်၊ ဘီးလင်းမြို့နယ် နတ်ကြီးမှစ၍ ကလယ့် ‌လော်ဆယ်၊ ‌ဘော‌ပေါ်ထာ့၊ ပတာ‌ဒေါ၊ ‌ဝေါ်မူ စသည့်‌ဒေသများကိုဖြတ်၍ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ် မယ်တိုး‌ဒေသအထိ ကား သွားလာနိုင်‌ရေးအတွက် ကားလမ်း‌ဖောက်လုပ်သွားမည်ဟုလည်း သတင်းရရှိသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့များသည် အဆိုပါ‌ဒေသများတွင် သစ်ထုတ်လုပ်‌ရေးကိုသာ ယခင်က လုပ်ကိုင်ခဲ့ကြ‌သော်လည်း ‌ရွှေတူး‌ဖော် ‌ရေးလုပ်ငန်းကို ယခုမှ စတင်လုပ်‌ဆောင်မည်ဖြစ်‌ကြောင်း သိရသည်။