ဇူလိုင် ၂၆ရက်။ administrator ကေအိုင်စီ
မယ်လဒုက္ခသည်စခန်းတွင် ဘိန်းမဲရောင်းဝယ်ဖြန့်ဖြူးသည့် ဒုက္ခသည်နှစ်ဦးကို ထိုင်းစစ်တပ်က ဇူလိုင်လ ၂၅ရက်နေ့တွင် လာ ရောက်ဖမ်းဆီးသွားခဲ့ကြောင်း စခန်းတွင်း နေထိုင်သူ ဒုက္ခသည်တဦး၏ ပြောပြချက်အရ သိရသည်။
သူက “ဒီနေ့မွန်းလွဲ(၃)နာရီကျော်လောက်မှာ ထိုင်းက စခန်းဆေးရုံရှေ့မှာ ဘိန်းရောင်းဝယ်တဲ့လူနှစ်ယောက်ကို လာရှာဖမ်း သွားတယ်”ဟု ကေအိုင်စီကို ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ စခန်းလုံခြုံရေးတာဝန်ခံ စောအားမူက “စခန်းအပြင်ဘက် ထိုင်းရွာတွေက ဘိန်းမဲတွေကို စခန်းထဲမှာ ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ ဇုံစီ ရပ်ကွက်(၁)ဘီက ကောင်လေးတယောက်ကို ၁ကီလိုလောက်ရှိတဲ့ ဘိန်းတထုပ်နဲ့ ထိုင်းစစ်တပ် က ဖမ်းမိသွားတယ်။ အဲဒါ သူ့အိမ်ကို လိုက်ပြခိုင်းတော့ အိမ်မှာကျန်နေတဲ့ သူ့အကိုကိုပါ ဖမ်းလိုက်တယ်။ သူတို့နာမည် အတိ အကျကိုတော့ ကျနော်တို့ ဒီညနေအထိ မသိရသေးဘူး”ဟု အတည်ပြု ပြောဆိုခဲ့သည်။
“နံမည်မမှတ်မိပေမဲ့ အခု အဖမ်းခံရတဲ့ကောင်လေးဟာ အရင်က ကျနော်တို့ သူ့ကို တခါစစ်ဆေးခဲ့ဘူးသေးတယ်။ ဒါပေမဲ့ သူ့ လက်ထဲမှာ လက်ဆုပ်လက်ကိုင် မမိတာနဲ့ မဖမ်းဖြစ်လိုက်တာ။ ဒီလိုအမှုမျိုးတွေက စခန်းထဲမှာ ခဏခဏရှိတယ်”ဟု သူက ဆက်လက်ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ လက်နက်မှုနှင့် သစ်ခိုးခုတ် မှုတို့ိကို ထိုင်းဥပဒေဖြင့်သာ ကိုင်တွယ်ဖြေရှင်းသည့်အတွက် သက်ဆိုင်ရာ စခန်းကော်မတီနှင့် လုံခြုံရေးတာဝန်ခံများက အဆို ပါအမှုကျူးလွန်သူများကို ထိုင်းအာဏာပိုင်များထံသို့ အပ်နှံလေ့ရှိသည်ဟု သိရသည်။
“ထိုင်းစစ်တပ်က သူတို့ကိုယ်တိုင်သိရင်လည်း တိုက်ရိုက်ပဲ စခန်းထဲမှာ ဝင်ဖမ်းတာပဲ။ အဲလိုတိုက်ရိုက်ဝင်ဖမ်းရင် ကျနော်တို့ကို အကြောင်းကြားတာတော့ ရှိပါတယ်။ ကျနော်တို့က ဖမ်းမိရင်လည်း သူတို့ဆီကိုပဲ ပို့ပေးလိုက်တယ်”ဟု စောအားမူက ဆို သည်။
ကရင်ဒုက္ခသည်ကော်မတီ(ကေအာရ်စီ) ဥက္ကဌ စောရောဘတ်ထွေးက ထိုသို့ မူးယစ်ဆေးဝါးမှု ကျူးလွန်သူများကို ဖမ်းဆီးရာ တွင် သိမ်းဆည်းရမိသည့် အလေးချိန်ပမာဏပေါ် မူတည်ပြီး ပြစ်ဒဏ်အနည်းအများကို ထိုင်းဥပဒေအရ စီရင်ဆုံးဖြတ်သွား လေ့ရှိသည်ဟု ပြောသည်။
ဒုက္ခသည်စခန်းများတွင် အဆိုပါအမှုကြီးခြောက်ခုမှလွဲ၍ အခြားအမှုများကို ကေအာရ်စီက ချမှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများအတိုင်း စခန်းတာဝန်ခံများက အရေးယူအပြစ်ပေးသွားသည်ဟု သိရသည်။