(လကင်္ာဒီပ)
ဇူလိုင် ၂၃၊ ၂၀၁၇
လမ်းတွေ့တိုင်း ဝင်မိနေသလား
ဒုက္ခများရဲ့တရားခံဆိုတာ
ပုစ္ဆာကို ပဟေဠိ ပြန်ဖွဲ့နေသူတွေလား
ရန်လား ငါလား မရှင်းလင်း
မနက်ခင်းနေဝန်းက
ညချမ်းမှာ မရှိရှာ
သူဟာလည်း အားကိုးရာအမှန် မဖြစ်ခဲ့။
ဗေဒင်ဆရာပြောသမျှ
အယုံလွယ် ထိုင်စောင့်နေကာလေ
မဖြေဘဲ စာမေးပွဲအောင်ရိုးမရှိ
ပကတိလုံ့လအနည်းငယ်
ဖောရှောရယ် လုပ်တတ်ယုံ
နယ်ခြားစောင့်ဗိုလ်တော့ ဖြစ်နိုင်ပါသေးရဲ့
တွေးတဲ့ ခံယူတဲ့အပိုင်းက
တမျိုးသားလုံးဖက်က မဟုတ်ရင်ဖြင့်
နင်နင် ငါငါ ကိုယ့်လူသူ့ဖက်သားဖြစ်တာ
ဘယ်ကလာ အဆန်းကြီးဖြစ်တော့မတုန်း။
ယုံတယ်ဟေ့ဆိုရင်လည်းပဲ
မဆွဲနဲ့ မတားနဲ့ မဟန့်နဲ့
ဆရာရဲ့အလိုတော်အတိုင်း
ပဒိုင်းသီး စားပြနိုင်တဲ့ကောင်မျိုး
လက်ညှိုးပေါင်းတစ်ထောင်လိုသလား
အားလုံးလုပ်ပေးနိုင်လောက်တဲ့ စွမ်းအင်
အဂုင်္လိမာလထက်တော်တဲ့
နားတစ်ပေါက်နဲ့ ကရင်တွေလည်းရှိတယ်။
ဟေးလားဝါးလား နေလိုက်ကြမယ်
တကယ် ဘဝဆိုတာ ခဏလေး
ရှုပ်ထွေးမှု လေးလံမှုတွေ
ထိုင်ရှင်းနေမယ့်အစား
ပျော်ပါးခြင်း သီဆိုကခုန်ခြင်း
ဇိမ်ခံခြင်းတည်းဟူသော
ပေါ့ပါးသော သာယာသော
လောကမှာ နေပစ်လိုက်မယ်ဟဲ့လို့များ
မင်း…..စဉ်းစားနေလေရော့သလား ရဲဘော်။
အမှုမဲ့ အမှတ်မဲ့
ဘယ်ကဲ့သို့သောအရာမှ
အလွယ်တကူ ပေါ့ပျက်ပျက် မလုပ်တတ်တဲ့
သူချခဲ့တဲ့ မူလေးရပ်
ပြန်သုံးသပ်ဆန်းစစ်လိုုက်
လက်တွေ့ ဘယ်လောက်ကျလဲဆိုတာ
အာဇာနည်ဆိုတာ မရိုးမသား မလုပ်ယူ
လူမှုပတ်ဝန်းကျင်က
သူ့ဘဝကို သတ်မှတ်ပေးလိုက်တာပဲ
ကဲ… စိတ်ချမယ် သူငယ်ချင်း
မင်း….လျှောက်နေတဲ့ ပလက်ဖောင်းမပျောက်ဖို့ လိုတယ်။