ဇူလိုင် ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီး လယ်သမားများအတွက် စပါးစမ်းသပ် စိုက်ကွက်များကို မြို့နယ် သုံးမြို့ နယ်တွင် ဖော် ဆောင်ပေးနေသည်ဟု KWEG စီမံကိန်း ညှိနှိုင်းရေးမှူး နော်စင်သီယာဝင်းက ကေအိုင်စီသို့ ဇူလိုင် ၂၂ ရက်နေ့တွင် ပြောသည်။
အဆိုပါ အစီအစဉ်ကို ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်နှင့် လှှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာတွင် စမ်းသပ် စပါးစိုက်ကွက်များ ဖော်ဆောင်ပေးခြင်းဖြစ်ပြီး KWEG က စိုက်ပျိုးရေး နည်းပညာ၊ စပါးမျိုးစေ့နှင့် ကုန်ကျစရိတ်များ ထုတ်ပေးကာ လယ်သမားများအနေဖြင့် ထွက်ရှိလာမည့် စပါးများမှ ၃ဝ ရာခိုင်နှုန်းကို မျိုးစေ့ဆက်လက် ပြန့်ပွားပေးနိုင်ရေးအတွက် KWEG ထံ ပြန်ပေးရမည် အစီအစဉ်ဖြစ်သည်ဟု ၎င်းက ပြောသည်။
သူမက “ကျမတို့ လုပ်ပေးတဲ့ရည်ရွယ်ချက်က အမျိုးသမီးလည်း စပါးစိုက်နေတာဘဲဆိုတော့ စပါးစိုက်တဲ့ နည်းပညာ ရရှိအောင်ဖြစ်ပါတယ်။ သူတို့ထွက်လာတဲ့စပါးတွေကို ဈေးကွက်ချိတ်ပေးနိုင်ဖို့၊ ပြီးတော့ ကရင်ပြည်နယ်မှာက စပါးအ ထွက်နည်းတယ်။ သူတို့တွေစပါး ပိုစိုက်များလာအောင် လုပ်ပေးတာဖြစ်တယ်။ နည်းပညာ ကျကျစိုက်ဖို့ နိုင်ဖို့ သူတို့တွေကို သင်တန်းတွေလည်း ပေးတက်ထားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ဖော်ဆောင်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စင်းသုခ စပါးမျိုးစေ့များကို ရယူကာ နည်းပညာအတွက် စိုက်ပျိုး ရေးပညာရှင်များကို ခေါ်ယူပြီး အမျိုးသမီးလယ်သမားများအတွက် လက်တွေ့ စိုက်ပျိုးရေး သင်တန်းများ ပို့ချပေးခဲ့သည်ဟု KWEG ကပြောသည်။

KWEG၏ ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိစေရေးစီမံချက်၊ စီမံကိန်းတာဝန်ခံ နော်ခိုင်သန္တာဦး က “ အခု ကျမတို့ စိုက်ကွက်ပေးတဲ့ ၄ ရွာက ရေမများဘဲ စိုက်လို့ အဆင်ပြေမယ့်နေရာ လယ်ပိုင်ရှင်တွေ ကလည်း အတူတူ ပူးပေါင်း လုပ်ဆောင်ချင်ရမယ်။ ပြီးတော့ လမ်းဘေးနားမှာ လူအများသွားလာပြီး လေ့လာလို့ရမယ့်နေရာကို ရွေးထားတာ။ အဲဒီထဲ မှာ တချို့ရွာက ပူးပေါင်းပြီးစိုက်တာရှိသလို တချို့ရွာတွေက ကိုယ်ပိုင် စိုက်တာလည်း ရှိတယ်။ ဒါပေမယ့် လယ်သမားခေါင်းနဲ့ စိုက်ပျိုးရေး ပညာရှင်တွေနဲ့တော့ ပူးပေါင်းရမယ်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့သို့ လုပ်ဆောင်ရာတွင် လယ်သမားများအနေဖြင့် မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးသည့် ပုံစံကိုသာ အများစု အ သုံးပြုနေပြီး နည်းပညာကျကျ စမ်းသပ် စိုက်ပျိုးသည့် ပုံစံကို သဘောကျ သူများလည်း ရှိသလို သဘောမကျသူများလည်း ရှိနေသေးကြောင်း နော်ခိုင်သန္တာဦးက ဆက်ပြောသည်။
စမ်းသပ်စိုက်ကွက်ဝင်သည့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ် ကမ္မရာကျေးရွာမှ နော်မော်မော်လွင်က “ကျမ တို့က ဒီစပါးစိုက်တာဘဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ဘိုးဘွားစိုက်ပေးထားတဲ့စနစ်ပဲ စိုက်နေတယ်။ အထွက်မကောင်း ဘူး။ အခု နည်းစနစ်ကောင်းကောင်း မျိုးသန့်စပါးတွေနဲ့ စိုက်ကြည့်တာ အဆင်ပြေလား မပြေလားပေါ့။ သူတို့လုပ်ပေးတဲ့စ နစ်ကို စမ်းသပ်ကြည့်တာ စိုက်တာမကြာသေးဘူးဆိုတော့ ကောင်းမကောင်း မသိသေးဘူး” ဟု ပြောသည်။
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) အနေဖြင့် အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်း ရရှိစေရေးစီမံချက်တွင် စိုက်ပျိုးရေးအပြင် အခြားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ကရင်ပြည်နယ်ရှိ ကျေးရွာ ၂ဝ ရွာတွင် လုပ်ဆောင်ပေးနေလျှက်ရှိသည်ဟု အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။



















