အောက်တိုဘာလ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆)မှ တပ်ရင်း(၁၇)တပ်ရင်းမှူး အပါအဝင်ရဲဘော်များ စီးနင်းလာသော ကားကို ယ နေ့(အောက်တိုဘာ ၁ဝရက်) မွန်းလွဲပိုင်းတွင် အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ်ခံရမှု ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ နှစ်နာရီအချိန်တွင် KNLA တပ်ရင်း (၁၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖားခေါ့ စီးနင်း လာသည့်ကားကို ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး မန်းကနေဒီက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ကော့ကရိတ်မြို့နယ် အပိုင်ထဲမှာဖြစ်တာ နယ်စပ်ကထွက်ရင် ကွီးလေးအလွန် ကွီးခလယ်ရွာမရောက် ခင် တစ်ဖာလုံလောက်မှာ တို့တပ်က တပ်ရင်း ၁၇တပ်ရင်းမှူးစီးတဲ့ကားကို အမည်မသိ ကရင်စကား ပြော လူသုံးဦးက လက်နက်ငယ်နဲ့ပစ်တာလို့သိရတယ်”ဟု ၎င်းက အတည်ပြုပြောသည်။
ထိုသို့ ပစ်ခတ်ခံရသည့်အတွက် ဒဏ်ရာရရှိသူများရှိကြောင်းသိရပြီး အဆိုပါ ပစ်ခတ်သူ သုံးဦးမှ ပစ်ခတ်မှုပြီးပြီးချင်း ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ယင်းဖြစ်စဉ်ကို အသေး စိတ် စုံစမ်း နေဆဲဖြစ်ကြောင်း KNU ဒူးပလာယာခရိုင်တာဝန်ရှိသူများက ပြောသည်။