Home သတင်း မီးဇိုင်း‌ကျေးရွာအ‌ရေး ဘာသာ‌ရေးပဋိပက္ခ ဖြစ်ပွားမည်ကို ‌ဒေသခံများအထူးစိုးရိမ်

မီးဇိုင်း‌ကျေးရွာအ‌ရေး ဘာသာ‌ရေးပဋိပက္ခ ဖြစ်ပွားမည်ကို ‌ဒေသခံများအထူးစိုးရိမ်

1750

စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘာသာ‌ကျောင်းဝင်းပိုင်‌မြေအတွင်း မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနမှ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ‌စေတီ‌တော်တစ်ဆူနှင့် သိမ်‌ကျောင်း‌ဆောင် ‌ဆောက်လုပ်ခဲ့သည့်အ‌ပေါ် ‌ဒေသခံများနှင့် ဘာသာ‌ပေါင်းစုံအဖွဲ့အစည်းများမှ ဘာသာ‌ရေး‌ခေါင်း‌ဆောင် များက ‌ဒေသတွင်း ဘာသာ‌ရေးပဋိပက္ခ ဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြသည်ဟု ‌ပြောဆိုကြသည်။

မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်း‌နေရာတွင် ဩဂုတ် ၂၁ ရက်‌နေ့မှစတင်ကာ ကိုး‌တောင်ပြည့် ‌စေတီတစ်ဆူနှင့် သိမ်‌ကျောင်း‌ဆောင်တစ်‌ဆောင် ဝင်‌ရောက်တည်‌ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းဘုရား‌ကျောင်း၏ အသင်းသူတစ်ဦးဖြစ်သူ ‌နော်က‌ရေ့က ‌ပြောဆိုသည်။

သူမက “အရင်လ ၂၁ ရက်‌နေ့က မြိုင်ကြီးငူဆရာ‌တော်ကိုယ်တိုင် ‌စေတီတည်ဖို့အတွက် ပန္နက်လာရိုက် တယ်။ ပန္နက်ရိုက်ပြီးတာနဲ့ ‌စေတီကို စတည်တာဖြစ်တယ်။ ဘယ်သူကိုမှ ခွင့်ပြုချက်မ‌တောင်းဘူး။ ဘုရား‌ကျောင်း‌ဂေါပကအဖွဲ့က တာဝန်ရှိသူ‌တွေ သွားတားတာကိုလည်း လက်မခံဘူး။ ဒီအ‌ပေါ်မှာ အသင်းသူအသင်းသား‌တွေလည်း စိတ်မ‌ကောင်း ဖြစ်ရပါတယ်။ တာဝန်ရှိသူ‌တွေအ‌နေနဲ့ ဒီကိစ္စကို ကူညီ‌ဖြေရှင်း‌ပေးဖို့ ‌မေတ္တာရပ်ခံပါတယ်”ဟု ‌ပြောဆိုသည်။

‌ဒေသတွင်း ဩဇာတိက္ကမရှိသည့် ဖားအံမြို့နယ် ကြာအင်း‌ပေါ်‌တော်မူ‌ကျောင်း ဆရာ‌တော်ကလည်း မီးဇိုင်း‌ကျေးရွာ ကိစ္စနှင့်ပတ်သက်ပြီး ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဘာသာ‌ရေးပဋိပက္ခ၊ လူမျိုး‌ရေး ပဋိပက္ခဖြစ်ပွားမည်ကို လွန်စွာစိုးရိမ်မိသည်ဟု ယခုရက်ပိုင်းအတွင်းက မိန့်ကြားခဲ့သည်။

မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရား ရှိခိုး‌ကျောင်းကို လွန်ခဲ့သည့် နှစ်‌ပေါင်း ၉၅ နှစ်ခန့်က ‌မြေဧက ၁.၅၂ ဧက‌ပေါ်တွင် စတင်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သာသာနာပိုင်‌မြေအဖြစ် အသင်းသူ ‌နော်ဂ‌ရေ့ အမည်‌ပေါက်ဖြင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုး‌မြေစာရင်းဌာနမှအသိအမှတ်ပြုရရှိထားသည့် ဘုရား‌ကျောင်းပိုင်‌မြေ‌နေရာဖြစ်သည်။

ဖားအံ-‌မော်လမြိုင် ခရစ်ယာန်နှစ်ခြင်း သာသနာနယ်မှ သင်းအုပ်ဆရာတစ်ဦးကလည်း ‌ဒေသတွင်း ဘာသာ‌ရေး ပဋိပက္ခဖြစ်ပွားမည်ကို လုံးဝ အလိုမရှိ‌ကြောင်းနှင့် ချစ်ကြည်ရင်းနှီးစွာအတူ ယှဉ်တွဲ‌နေထိုင်‌ရေး ကိုသာ အလိုရှိပြီး မလိုလားအပ်သည့် ဆိုးကျိုးများ မဖြစ်ပွား‌စေ‌ရေးအတွက် ဘာသာ‌ပေါင်းစုံမှ တာဝန်ရှိသူ များ ဝိုင်းဝန်းညှိနှိုင်း‌ပေးကြရန်လည်း တိုက်တွန်း‌ပြောဆိုခဲ့သည်။

မူလအစီအစဉ်အရ တည်‌ဆောက်ပြီးစီးသွားပြီဖြစ်သည့် ‌စေတီ‌တော်ကို ယခုလ ၁ဝ ရက်‌နေ့တွင် မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနကိုယ်တိုင် ဘုရားထီးတင်ရန် အစီအစဉ်ရှိ‌သော်လည်း သက်ဆိုင်ရာ ဘာသာ‌ရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကန့်ကွက်ကြ‌သော‌ကြောင့် အဆိုပါကိစ္စကို ရပ်ဆိုင်းထားသည်ဟု သိရှိရသည်။

မီးဇိုင်း‌ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်း၏ သင်းအုပ်ဆရာ ‌စောမိုက်ကယ်က “ဒီ‌နေ့အထိ‌တော့ ဘုရားထီး မတင်ဖြစ်‌သေးဘူး။ ဘုရားထီးက‌တော့ ‌စေတီနားမှာပဲ ရှိ‌နေပါတယ်”ဟု ယ‌နေ့မွန်းလွဲပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အမည်မ‌ဖော်လိုသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးကလည်း “‌နောက်ဆုံး အ‌ခြေအ‌နေအရ မြိုင်ကြီးငူဆရာ‌တော် ဘက်ကလည်း အ‌လျှော့‌ပေးမယ့် အ‌နေအထားမရှိဘူးဖြစ်‌နေတယ် ဆို‌တော့ အ‌ခြေအ‌နေ‌တွေက တင်းမာလာမှာကို စိုးရိမ်မိတယ်။ ဒီကိစ္စ ကရင်ပြည်နယ်အစိုးရအ‌နေနဲ့ ‌သေ‌သေချာချာကိုင်တွယ်ဖို့ လိုလိမ့်မယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ယခုဖြစ်‌ပေါ်‌နေသည့် အ‌ရေးသည် ဘာသာ‌ရေးကိစ္စ ဖြစ်‌သော‌ကြောင့် ညင်သာစွာ ကိုင်တွယ်‌ဖြေရှင်းရန် လိုအပ်‌ကြောင်းနှင့် ပြည်‌ထောင်စုအစိုးရ၊ ကရင်ပြည်နယ် အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် သက်ဆိုင်ရာဘာသာ‌ရေး အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များအ‌နေဖြင့် အမြန်ဆုံး ညှိနှိုင်း‌ဖြေရှင်း‌ပေးရန် အ‌ရေးတကြီးလိုအပ်‌ကြောင်း ‌ဒေသခံများက သ‌ဘောထား‌ပေး‌ပြောဆိုကြသည်။

ထို့အပြင် မီးဇိုင်း‌ကျေးရွာ အ‌ရေးနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် အ‌နေအထားများကို သိရှိနိုင်ရန် KNU ဗဟိုမှ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုး ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ရက်မှ ၁ဝ ရက်‌နေ့အထိ မြိုင်ကြီးငူ၊ မီးဇိုင်း၊ ဖားအံ စသည့် ‌ဒေသများရှိ ကရင်ပြည်နယ် အစိုးရအပါအဝင် သက်ဆိုင်ရာ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် သွား‌ရောက်‌တွေ့ဆုံကာ ရရှိလာသည့် အချက်အလက်များကို KNU ဗဟိုသို့ စက်တင်ဘာ ၁၄ရက်‌နေ့က အစီရင်ခံစာ တင်ထားသည်။