Home ဆောင်းပါး ပြည်သူ့အားကိုယူပြီး အ‌ခြေခံဥပ‌ဒေကို ပြုပြင်‌ပြောင်းလဲမည်ဆိုလျှင်ဖြင့်

ပြည်သူ့အားကိုယူပြီး အ‌ခြေခံဥပ‌ဒေကို ပြုပြင်‌ပြောင်းလဲမည်ဆိုလျှင်ဖြင့်

1775

‌မောင်‌ကျော်စွာ

(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက်)

မကြာခင် ၂၀၁၃ ခုနှစ်၊ ကုန်ဆုံး၍ ၂၀၁၄ ခုနှစ်သို့ ‌ရောက်ရှိပါ‌တော့မည်။ ယခုလို စပ်ကူးမတ်ကူးကာလအတွင်း “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ပြင်ဆင်‌ရေးနှင့်ပတ်သက်ပြီး ဒီချုပ်ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောကြား‌နေသည့် အချက်များသည် ယခင်ကထက်ပို၍ ပီပြင်ပြတ်သားလာသည်ဟု ‌ပြောရပါလိမ့်မည်။ “ကျမတို့ ဘာပဲလုပ်လုပ်၊ အဖွဲ့ချုပ်က ဘယ်လိုမူဝါဒ‌တွေပဲချချ၊ ကျမတို့ပြည်သူကို ရှင်းလင်းမယ်၊ တင်ပြမယ်”ဟုလည်း ဆိုပါသည်။

သို့ပါ၍ ဤသို့ပီပြင်ပြတ်သားသည့် ‌ပြောကြားချက်များကို ဒီချုပ်ပါတီဗဟို‌ကော်မတီအ‌နေဖြင့် တိကျခိုင်မာ‌သော လုပ်ငန်းစဉ်များ အဖြစ်‌ပြောင်းလဲပြီး အခြား‌သော လုပ်‌ဖော်ကိုင်ဖက်နိုင်ငံ‌ရေးပါတီအဖွဲ့အစည်းများ၊ ပြည်သူများ ထံ တင်ပြပါရန် အ‌လေးအနက်တိုက်တွန်းလိုပါသည်။ သို့မှသာ ရင်ဆိုင်ကြုံ‌တွေ့လာရနိုင်ဖွယ်ရှိသည့် အခက် အခဲမှန်သမျှကို ‌အောင်မြင်စွာ ‌ကျော်လွှားနိုင်‌သော အင်အားစွမ်းပကားတစ်ရပ်အဖြစ် ‌ပေါ်‌ပေါက်လာပါလိမ့်မည်။ အထူးသဖြင့် သာယာဝတီနှင့် အ‌ဖျောက်‌ကျေးရွာတွင် ‌ပြောဆိုသည့် ‌ပြောကြားချက်များကို ရည်ညွန်းလိုပါသည်။ ထိုသို့‌သော ‌ပြောကြားချက်များသည် လက်ရှိအာဏာရကြံ့ဖွံ့ပါတီနှင့် ဦးသိန်းစိန်အစိုးရကို တိတိလင်းလင်း စိန်‌ခေါ်‌နေသည့် ‌ပြောဆိုချက်များလည်း ဖြစ်သည်။

“၁၉၉ဝ ပြည့်‌ရွေး‌ကောက်ပွဲရလဒ်” ကဲ့သို့၊ “ဂန္ဒီခမ်း ‌ကြေညာချက်” ကဲ့သို့၊ “‌ရွှေဂုံတိုင်‌ကြေညာချက်” ကဲ့သို့၊ “၂၀၁၂ ကြားဖြတ် ‌ရွေး‌ကောက်ပွဲ” ပြီး‌နောက် လွှတ်‌တော်ထဲမဝင်မီ၊ ကျမ်းကျိန်သည့်ကိစ္စနှင့် ပတ်သက်၍ ‌ပြောကြားခဲ့‌သော ‌ပြောကြားချက်များကဲ့သို့ မှုန်ဝါး‌ပျောက်ကွယ်သွားမှာကိုလည်း ခဲမှန်ဖူး‌သော ခံစားချက်များဖြင့် အထူးစိုးရိမ်မိပါသည်။

“‌လေးဦး‌လေးသွယ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး” ‌တောင်းဆိုမှုကို ဦးသိန်းစိန်အစိုးရက ငြင်းပယ်ခဲ့ပြီး‌နောက် ‌ဒေါ်‌အောင် ဆန်းစုကြည်၏ သ‌ဘောထားသည် ပို၍ပီပြင်ပြတ်သားလာခဲ့သည်ကို သတိပြုမိပါသည်။ “‌လေးဦး‌လေးသွယ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး”ကို လွှတ်‌တော်ဘက်ကလည်း မြုံစိလုပ်‌နေသည်။ “တပ်မ‌တော်”ဘက်ကလည်း ဒီချုပ်နှင့် ‌ဒေါ်စု၏ ‌တောင်းဆိုမှုကို မသိချင်ဟန်ပြုပြီး ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်သည် တပ်တွင်းစည်းရုံး‌ရေး ဆင်း‌နေပါသည်။

ဤသို့ဖြင့် ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်တို့သည် “‌လေးဦး‌လေးသွယ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး” ‌မေတ္တာရပ်ခံချက်ကို အတိုင်အ‌ဖောက်ညီစွာ မသိကျိုးကျွံပြု‌နေကြသည်။ ထို့အပြင် သူရသတ္တိရှိပါသည်ဆို‌သော စစ်ဗိုလ်‌ဟောင်းကြီးများသည် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဒီချုပ်အ‌ပေါ် တီးတိုးဝါဒဖြန့် တိုက်ကွက်များလုပ်ကြံ ဖန်တီးကာ လက်သီးပုန်းထိုး‌နေပါသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က “၂၀၀၈ အ‌ခြေခံဥပ‌ဒေဟာ ပြည်သူနဲ့ တပ်မ‌တော်အကြား စိတ်ဝမ်းကွဲ‌အောင် လုပ်တဲ့ ဥပ‌ဒေဖြစ်တယ်” ဟု ‌ထောက်ပြ‌ဝေဖန်ခဲ့သည်။ လက်ရှိ အာဏာရစစ်ဗိုလ်‌ဟောင်းများ၏ ကြံ့ဖွံ့ပါတီနှင့် ကြံ့ဖွံ့ အစိုးရ၊ လွှတ်‌တော်တို့တွင် ထိပ်ပိုင်းတာဝန်ယူထားသူ အားလုံးသည် ယခင် (နအဖ)စစ်အစိုးရအဖွဲ့တွင်လည်း ထိပ်သီးများ အဖွဲ့ဝင်ဖြစ်ခဲ့ကြသူများသာ ဖြစ်သည်။ သူတို့သည် စစ်တပ်ကို ‌မောင်ပိုင်စီးထားပြီး တပ်မ‌တော်ကို သူတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့ကြသူများ၊ အသုံးချ‌နေကြသူများသာ ဖြစ်သည်။

တပ်မ‌တော်တွင်း၌ အများစုဖြစ်‌သော တပ်ဗိုလ်တပ်သားများသည် ဒီမိုက‌ရေစီနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို လိုလားသူများ ဖြစ်ကြပါသည်။ သို့‌သော်လည်း သူတို့ ဂုတ်‌ပေါ် ခွစီးထားသည့် စစ်အုပ်စု၏ “တစ်‌သွေး၊ တစ်သံ၊ တစ်မိန့်”ဆိုသည်ကို ‌ကျေးကျွန်သဖွယ် လိုက်နာ‌နေကြရသဖြင့် ဤမျှငုံ့ခံ‌နေကြရခြင်းလည်း ဖြစ်သည်။ သူတို့ သည် သူတု့ိဆန္ဒကို ပွင့်လင်းလွတ်လပ်စွာ ထုတ်‌ဖော်ပြသခွင့်သာရမည်ဆိုလျှင် ဒီမိုက‌ရေစီနှင့် ပြည်တွင်း ငြိမ်းချမ်း‌ရေးလိုလားမှုကို ‌ဖော်ထုတ်ပြသပါလိမ့်မည်။ တပ်မ‌တော်သားအများစုသည် ၁၉၉ဝပြည့်၊ ‌ရွေး‌ကောက်ပွဲ တွင် ဒီချုပ်ကို တခဲနက် မဲ‌ပေးခဲ့ကြဖူးသည် မဟုတ်ပါလား။

ထို့အပြင် ‌အောက်‌ခြေတပ်ဗိုလ်တပ်သားအများစုမှာ လယ်သမားသားသမီးများသာ ဖြစ်ကြပြီး ၎င်းတို့မိဘများ၏ လယ်‌မြေ၊ ယာ‌မြေအ‌မြောက်အများကို တပ်မ‌တော်အမည်ခံပြီး သိမ်းပိုက်‌နေခဲ့သည်ကို ‌ခေါင်းငုံ့အံကြိတ်‌နေခဲ့ကြ ရသည်။ အမိန့်‌နှောင်ကြိုး‌အောက်တွင် တပ်ဗိုလ်တပ်သားအများစုမှာ ရုန်းမထွက်သာခဲ့‌ချေ။

“ပြည်သူ့‌တွေရဲ့အားကိုယူပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို‌ပြောင်းဖို့ကြိုးစားမယ်”ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောပါသည်။ လုံးဝမှန်ကန်ပါသည်။ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို ထိထိ‌ရောက်‌ရောက်ပြင်မည်၊ ‌ပြောင်းမည်။ အသစ်‌ရေးဆွဲကြမည်ဆိုလျှင် စည်းလုံးညီညွတ်‌သော လူမျိုး‌ပေါင်းစုံပြည်သူများ၏ စွမ်းပကားပါဝင်မှသာ ‌အောင်မြင်‌မြောက်နိုင်ပါလိမ့်မည်။

အနယ်နယ်အရပ်ရပ်တွင် ဒီချုပ်ပါတီက ‌ရှေ့‌ဆောင်ကျင်းပ‌နေသည့် “ပြည်သူ့ဆန္ဒရယူ‌ရေးပွဲ”များတွင် ပြည်သူ များ၏ တခဲနက် လိုအင်ဆန္ဒကို တိတိကျကျရှင်းရှင်းလင်းလင်း သိရှိ‌နေကြရပြီဖြစ်သဖြင့် ထိုပြည်သူ့ဆန္ဒများ အ‌ဟောသိကံ မဖြစ်‌စေဘဲ ထုထည်ရှိ‌သော အင်အားစွမ်းပကားတစ်ရပ် ဖြစ်လာ‌စေရန် ဒီချုပ်ပါတီအ‌နေဖြင့် ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တိတိကျကျခိုင်ခိုင်မာမာ ချမှတ်‌ပေးရန် လိုပါသည်။

ဥပမာအားဖြင့် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို ထိထိ‌ရောက်‌ရောက်ပြုပြင်‌ပေးခြင်းမရှိလျှင် “၂၀၁၅ ‌ရွေး‌ကောက်ပွဲ” ကို ပြည်သူတစ်ရပ်လုံးက သပိတ်‌မှောက်ကြမည်။ ထို့အပြင် “ထိထိ‌ရောက်‌ရောက်ပြုပြင်‌ပေးခြင်း” ဆိုရာတွင် ‌အောက်ပါအချက်များကို အ‌ခြေခံမူများအဖြစ် ပါဝင်‌စေရမည်။

– အစိုးရအဖွဲ့နှင့် လွှတ်‌တော်အဆင့်ဆင့်ကို သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် လူထုဆန္ဒဖြင့် ‌ရွေးချယ်တင် ‌မြှောက်သူများဖြင့်သာ ဖွဲ့စည်းရမည်။

– အစိုးရဝန်ထမ်း သို့တည်းမဟုတ် တပ်မ‌တော်သားများသည် နိုင်ငံ‌ရေး၌ ပါဝင်‌ဆောင်ရွက်မည်ဆိုလျှင် လက်ရှိ တာဝန်များ နှုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်ရမည်။

– တပ်မ‌တော်သည်တစ်ခုတည်း ရှိရမည်ဖြစ်ပြီး အစိုးရနှင့် အ‌ခြေခံဥပ‌ဒေကို နာခံရမည်။ ကာကွယ်‌စောင့်‌ရှောက် ရမည်။

– တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိတိကျကျ‌ဖော်‌ဆောင်နိုင်မည့် ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောင် ရမည်။

– ‌ရွေး‌ကောက်ပွဲများကို စနစ်တကျ လွတ်လပ်စွာနှင့် တရားမျှတစွာ ကျင်းပနိုင်ရန် သမာသမတ်ကျပြီး လွတ်လပ် သည့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရမည်။ စသဖြင့် အခြားလိုအပ်သည့်အချက်များ ထည့်သွင်း ‌စေသင့်ပါသည်။ ထိုသို့‌သော လုပ်ငန်းစဉ်များချမှတ်နိုင်ပြီး လူမျိုးစုံပြည်သူ တစ်ရပ်လုံးအား ‌ရှေ့‌ဆောင်သွားနိုင် ရန် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ ထိထိ‌ရောက်ပြင်ဆင်‌ရေး”ကို တကယ်တမ်းလိုလားသည့် နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ တသီးပုဂ္ဂလများပါဝင်နိုင်မည့် “ပြည်သူ့အင်အားစု‌ပေါင်းအဖွဲ့ကြီး” တစ်ရပ်ကို ဖွဲ့စည်းထား သင့်ပါသည်။

ထိုအဖွဲ့ကြီးမှ‌နေ၍ ‌ဒေါ်‌အောင်ဆန်းစုကြည်ဦး‌ဆောင်ပြီး အခြား‌သောနိုင်ငံ‌ရေးပါတီအဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ ပါဝင်သည့် ညှိနှိုင်း‌ဆောင်ရွက်‌ရေး ဦးစီး‌ကော်မတီတစ်ရပ် ဖွဲ့စည်း‌ပေးကာ လက်ရှိ အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးလုပ်ငန်းများကို ထို‌ကော်မတီက လုပ်ကိုင်‌ဆောင်ရွက်သင့်ပါသည်။