Home ဆောင်းပါး မြဝတီမြို့သိမ်းပိုက်ရေး စိတ်ကူးနှင့် အတိတ်က သွေးသမိုင်းသင်ခန်းစာများ

မြဝတီမြို့သိမ်းပိုက်ရေး စိတ်ကူးနှင့် အတိတ်က သွေးသမိုင်းသင်ခန်းစာများ

302

မြဝတီမြို့သိမ်းပိုက်ရေး စိတ်ကူးနှင့် အတိတ်က သွေးသမိုင်းသင်ခန်းစာများ
မောင်ကျော်စွာ
(၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်)

“မြဝတီကို ပြည်သူ့လက်ထဲသို့ အသာတကြည် အပ်နှံပါ” လို့ ပြီးခဲ့တဲ့အပတ်က ဆောင်းပါးမှာ ကျနော်တင်ပြခဲ့ ပါတယ်။ အကြောင်းသုံးချက်ကို အခြေခံပြီး အဲဒီလို အဆိုပြုခဲ့တာပါ။
ပထမဆုံး အကြောင်းအချက်က မြဝတီမြို့မှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ အသက်အိုးအိမ်တွေ ကို မထိခိုက်၊ မဆုံးရှုံး၊ မပျက်စီးစေလိုတဲ့ ဆန္ဒပါ။ ဒုတိယ အကြောင်းအချက်က (စကစ)စစ်အုပ်စုဟာ “မစားရတဲ့ အမဲ သဲနဲ့ပက်တတ်တယ်” – “မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်တတ်တယ်” ဆိုတဲ့ ဓလေ့စရိုက်ဉာဉ်အပြည့်နဲ့ အကြမ်းဖက် ရမ်းကားလေ့ရှိသူတွေဖြစ်တယ်။ တတိယ အကြောင်းအချက်ကတော့ မြဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက် တယ်ဆိုတာ တစ်ဖွဲ့ထဲသိမ်းလို့ မဖြစ်နိုင်ဘဲ အဖွဲ့စုံက ပူးတွဲသိမ်းပိုက်တာ ပူးတွဲထိန်းသိမ်းတာက ပိုပြီး လက်တွေ့ကျ မယ်၊ အကျိုးသက်ရောက်မှု ပိုကောင်းလိမ့်မယ် ဆိုတဲ့စဉ်းစားချက်နဲ့ ပန်ကြားအဆိုပြုခဲ့တာပါ။
တကယ်တော့ မြို့တစ်မြို့ကို သိမ်းပိုက်တယ်ဆိုတာ အင်မတန်ကြီးမားတဲ့ စစ်ရေး/နိုင်ငံရေး/ အုပ်ချုပ်ရေး စတဲ့ ကိစ္စ ၃ရပ်ကို တတ်နိုင်သမျှ ထောင့်စေ့အောင် လက်တွေ့ စီမံလုပ်ကြရတဲ့ကိစ္စကြီးတွေ ဖြစ်ပါတယ်။

ရန်သူ့ဖက်က လတ်တလောအနေအထားအရ သူတို့စိုးမိုးချုပ်ကိုင်ထားတဲ့မြို့ကို မတတ်သာ ဆုတ်ခွာသွားတဲ့အခါ မိမိတို့ဘက်က အဲဒီမြို့ကို တတ်နိုင်သမျှ အထိအခိုက်၊ အကျအဆုံး နည်းနိုင်သမျှ အနည်းဆုံးနဲ့ လက်ရသိမ်းပိုက်ကြ ရမှာပါ။ အကျအဆုံး အပျက်အစီးမရှိဘဲ သိမ်းပိုက်နိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အခုလည်း မြဝတီမြို့ဟာ ဘယ်သူ့လက်ထဲမှာ ရှိနေသလဲဆိုတာ ဘယ်သူမှ တိတိကျကျ၊ သေသေချာချာ မပြောနိုင်ပါဘူး။ ရန်သူကလည်း ပြန်လှန်ထိုးစစ်ဆင်ဖို့ ဝိုင်းပတ်ချီတက်လာနေတယ် ဆိုတဲ့သတင်းတွေ အမျိုးမျိုးအဖုံဖုံ ကြားသိနေရပါတယ်။ လေယာဉ်နဲ့ဗုံးကြဲမှုတွေကို နေ့စဉ် ရက်ဆက်ဆိုသလို (စကစ)စစ်အုပ်စုက မီးကုန်ယမ်းကုန် ပြုလုပ်နေတယ် မဟုတ်ပါလား။ ဧပြီလ ၁၈ရက်နေ့၊ နေ့လည်က ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေး ရွာအုပ်စု၊ မြို့ဟောင်းကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲချတာမှာ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျလို့ သက်တော် (၈၇) နှစ်၊ ဝါတော် (၆၇)ဝါရှိ မြို့ဟောင်းရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူရပြီး လူသုံးဦး ဒဏ်ရာရရှိသွားပါတယ်။

အဲဒီလို နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့နှင့် ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ မောင်းမကျေးရွာအုပ်စုနှင့် ကော့နွဲကျေးရွာအုပ်စုရှိ‌ ဒေသခံရွာသားများအားလုံးနီးပါး ထွက်‌ပြေးတိမ်းရှောင် နေရတဲ့အပြင် ရွာတန်းရှည်‌၊ အံဖကြီး၊ သုံးဆယ်သုံးဆူ စတဲ့ ကျေးရွာအုပ်စုများရှိတဲ့ ဒေသခံပြည်သူတွေလည်း စစ်ဘေး လွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိအနေအထားတွေအရဆိုရင် (စကစ)စစ်အုပ်စုဟာ သူတို့လက်ထဲကနေ လက်လွှတ်ရတော့မလို တည်း တည်းလေးဖြစ်နေတဲ့ မြဝတီမြို့ကို မီးကုန်ယမ်းပြန်တိုက်ပြီး ပြန်ယူမယ့် သဘောရှိနေတာကို အထင်အရှား သိမြင်နိုင်ပါ တယ်။

မြဝတီဆိုတာ ထိုင်းနိုင်ငံနဲ့ နေ့စဉ် ပုံမှန် ကုန်ရော၊ လူရော ကူးသန်းနေတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ဒီလို ကုန်သွယ်ရေး အချက်အချာ မြို့ကြီးတစ်မြို့ကို (စကစ)စစ်အုပ်စုအနေနဲ့ လွယ်လွယ်နဲ့လက်လွှတ်မှာ မဟုတ်ပါဘူး။ မလွှဲသာလို့ လက်လွှတ်ရမယ်ဆိုရင်လည်း နည်းမျိုးစုံနဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေကို အဆက်မပြတ်လုပ်မှာပါ။ ခိုးဝှက် လုယက်မှုတွေ၊ မီးရှို့မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ စတဲ့ ဒုစရိုက်မျိုးစုံဖန်တီးပြီး မတည်မငြိမ်ဖြစ်အောင် စဉ်ဆက် မပြတ် ဖန်တီးနေမှာပဲ ဖြစ်ပါတယ်။

မြို့တစ်မြို့ကို သိမ်းပိုက်တယ်ဆိုတာ စစ်ရေးအရ အဲဒီမြို့မှာ ဗျူဟာကျကျ အထိုင်ချထားတဲ့ ရန်သူ့ခြေကုပ် စခန်းတွေသိမ်းပိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီမြို့ကို ရန်သူ (စကစ)ခါးပိုက်ဆောင်တပ်တွေက ဝိုင်းပတ်ပြီး ပြန်လှန် သိမ်းပိုက်ရေး ထိုးစစ်ဆင်မလာနိုင်အောင် ထိုးဖောက်ချီတက်လာနိုင်ဖွယ်ရှိတဲ့ နေရာမှန်သမျှကို ဖြတ်တောက်သိမ်းယူ စိုးမိုးထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိမိတို့ သိမ်းပိုက်ထိန်းချုပ်ထားလိုက်တဲ့ အဲဒီမြို့ကို စနစ်တကျ စီမံအုပ်ချုပ်နိုင် ဖို့ အရေးကြီးပါတယ်။ မြို့ခံ ဒေသခံပြည်သူတွေ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပုံမှန် သွားလာလုပ်ကိုင်နိုင်ဖို့ အာမခံချက်ပေးရမယ့်တာဝန်ဟာ သိမ်းပိုက်သူတွေရဲ့ ပခုံးပေါ်ကို ကျရောက်လာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ဟာ မြို့တစ်မြို့ကို သိမ်းပိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်ထဲမှာ အဲဒီမြို့ကို စစ်ရေး အရ လက်ရ သိမ်းပိုက်ပြီးတာနဲ့ အုပ်ချုပ်ရေးပိုင်းအရ ကျကျနန စိုးမိုးအုပ်ချုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားကြရမှာ ပါ။

အခုလို မြဝတီမြို့ကို “သိမ်းတော့မယ် – သိမ်းလိုက်ပြီ – သိမ်းနေပြီ – သိမ်းထားပြီ” စသဖြင့် အမျိုးမျိုးအဖုံဖုံ ကြားသိ ဖတ်ရှုနေရတဲ့အချိန်မှာ ဟိုးတချိန်က မြို့ကြီးများစွာကို KNDO တပ်တွေက အချိန်တိုအတွင်းမှာ သိမ်းပိုက်ရရှိ ခဲ့ပြီး ဘယ်လို ဘာကြောင့် အချိန်တိုအတွင်းမှာပဲ ပြန်ပြီး လက်လွှတ်ခဲ့ကြရသလဲ ဘယ်လို အခွင့်အခါကောင်းတွေ လက် လွတ်ခဲ့ရကြသလဲ ဆိုတဲ့ သမိုင်းသင်ခန်းစာတွေကို သတိရမိပါတယ်။

ထိုသမိုင်းသင်ခန်းစာတွေကို လွတ်လပ်သော ကရင့်သမိုင်းသုတေသနဌာနက ထုတ်ဝေခဲ့တဲ့ “ကရင့်တော်လှန် ရေး ဒုတိယလမ်းစဉ် နိုင်ငံရေးဖြတ်သန်းစာအုပ်” စာမျက်နှာ ၃၁၅ ကနေ ၄၁၂ အတွင်းမှာ ဖော်ပြထားတဲ့ “ကရင့်တော် လှန်ရေး ဒုတိယလမ်းစဉ်နှင့် စောတူးဂေါ် (ဗိုလ်မှူးဂျော့)၏ ဖြတ်သန်းမှုသမိုင်း”မှာ အကျယ်တဝင့် ဖတ်ရှုရမှာ ဖြစ်ပါ တယ်။ ဒီမှာတော့ ဒီနေ့ကာလအတွက် အလေးထားသင့်တဲ့ သင်ခန်းစာတချို့ကိုပဲ (မူရင်းအတိုင်း) ကောက်နုတ်ဖော်ပြ ပါ့မယ်။

– ရန်ကုန်ကိုသိမ်းရန်အတွက် ဗိုလ်ကြီးဇော်ဖေနှင့် စစ်အင်အား (၁၇၀၀)ကျော်တို့ကို ဗိုလ်ချုပ်မင်းမောင်မှ တာဝန်ပေး လိုက်သည်။ တာဝန်အရ ညောင်လေးပင်မြို့အား ဝင်ရန်ချီတက်နေစဉ် တပ်ရင်းမှူးမြမောင်နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ပဲခူးနှင့် ရန်ကုန်ကို တိုက်ခိုက်သိမ်းပိုက်ရန် နှစ်ဦးသားသဘောတူညီချက် ရရှိခဲ့ကြသည်။ ရန်ကုန်နှင့် ပဲခူးမြို့များအား သိမ်းဆည်း၍မရနိုင်လျှင် ညောင်လေးပင်မြို့သို့ မဝင်ရန်ကိုလည်း သဘောတူသည့်အတိုင်း ညောင်လေးပင်ကိုရှောင် လျက် ရှေ့ဆက်ချီတက်ခဲ့ကြသည်။ တစ်ရပ်အတွင်းမှာပင် ဒိုက်ဦး၊ ဖောင်တော်သီ၊ ကူဒို့၊ ဘုရားကြီး၊ ဘုရားကလေး စသောမြို့များကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ဘုရားကြီး ဘုရားကလေးသို့ရောက်သည့်အခါ ထမင်းထုပ် ပို့သူမရှိ။ တပ်များကလည်း ထမင်းဆာနေကြပြီဖြစ်သောကြောင့် ဗိုလ်ကြီးဇော်ဖေက တပ်များအားလုံးကို ဖြန့်လျက် ရွှေအင်တုံ၊ လေးအင်စုရွာသို့ ပြန်လာပြီး ထမင်းချက်စားကြသည်။

– စနေနေ့တွင် တပ်ကို အနားပေးပြီး တနင်္ဂနွေနေ့တွင် ဘုရားဝတ်ပြုခဲ့ကြသည်။ တနင်္လာနေ့ မနက်တွင် ဒိုက်ဦး မြို့အဝင် တွင် ရန်သူမှ အစီအစဉ်ရှိရှိဖြင့် စောင့်ကြိုတိုက်ခိုက်ခြင်းကို ခံရသည်။ ထိုနေ့တနေကုန်ပင် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ခဲ့သည်။ ကရင်တပ်များကလည်း တရကြမ်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း ဒိုက်ဦးမြို့ကို တက်ရောက်သိမ်း ပိုက်နိုင်ခြင်းမရှိ။ အလောင်းများပင် ပြန်မကောက်နိုင်ဘဲ တပ်ပြန်ရုပ်ခဲ့ရသည်။ ခဲယမ်းမီးကျောက် အားနည်းလာခြင်း ရဲဘော်တချို့ ဒဏ်ရာရခဲ့ခြင်း မိမိတပ်ဖွဲ့ အထိနာခဲ့ခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းလာသည့်အတွက် ညောင်လေးပင် သို့ တပ်ပြန်ဆုတ်ခဲ့ရသည်။ ညောင်လေးပင်အဝင်တွင် ရန်သူတပ်များက ဝင်ခွင့်မပေးသည့်အတွက် စစ်မော်တာများ၊ လက်နက်ကြီးများ စစ်သုံးကားကြီးများကိုထားခဲ့ပြီး ပဲခူးရိုးမတောင်ခြေအတိုင်း တောင်ငူသို့ ချီတက်ခဲ့ရသည်။

– ထိုတိုက်ပွဲကို ပြန်လည်ဆန်းစစ်ကြည့်ပါက တပ်မှူးများသည် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ရန်သူအား အထင်သေး ခြင်း၊ ရရှိထားသောအောင်ပွဲကို ဆက်လက် ထိန်းသိမ်းလိုစိတ်မရှိခြင်း၊ မည်သည့်မြို့၊ မည်သည့်ရွာ၊ မည်သည့်နေရာကို မဆို ယခုတိုက်လျှင် ယခုရသည်ဟုထင်ကာ ဘဝင်မြင့်ခဲ့ခြင်းကြောင့်လည်းကောင်း ပဲခူးနှင့် ရန်ကုန်တို့ကို အမြန်ဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းသည် ကရင့်တော်လှန်‌ရေးအောင်ပွဲအတွက် အဆုံးအဖြတ်ဖြစ်ကြောင်းအထိ တွေးခေါ်မြော် မြင်နိုင်စွမ်း မရှိခြင်းတို့ကြောင့် အထိနာခဲ့ရသော တိုက်ပွဲပင်ဖြစ်သည်။

– ဘုရားကြီး၊ ဘုရားကလေးတို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ပဲခူးအား ဆက်လက်တိုက်ခိုက်ရန်မှာ ကွင်းတစ်ကွင်းသာ သာ အကွာအဝေးတွင်သာ ရှိတော့သည်။ ပဲခူးတွင် ထမင်းဝင်ချက်စားပြီး နောက်တစ်ရက် ရန်ကုန်ကို ဝင်သိမ်းနိုင်သည် ကိုလည်း နားလည်ဟန်မတူ။ ရွှေအင်တုံ၊ လေးအင်စုရွာနှင့် ဘုရားကြီး ဘုရားကလေးတို့မှာ ၁၀မိုင်လောက်သာ ရှိပေ မည်။ ပဲခူးနှင့် ဘုရားကြီး ဘုရားကလေးမှာ ၂မိုင်ကျော်ကျော်လောက်သာရှိသည်။ တပ်ကို နောက်ကြောင်းပြန်လှည့်ကာ ထမင်းစား တပ်နားခြင်းကြောင့် အရေးကြီးသော စစ်ကွက်ကို လက်လွှတ်ပေးခဲ့ရသော ကရင်စစ်ဗိုလ်များသည် နောင် လာနောက်သားများအတွက် သင်ခန်းစာအကြီးကြီးကို ပေးခဲ့သည်ဟုပင် မှတ်ယူရမည်။
ပဲခူးမြို့ရှိ ရန်သူ့တပ်များသည် ပဲခူးချောင်းအနောက်ဖက်ကမ်းသို့ အားလုံးပြန်ဆုတ်သွားသည်။ မြို့နေလူကြီးလူ ငယ်များ၊ အမျိုးသမီးကြီးငယ်တို့မှာ မြို့အဝင်တွင် စောင့်မျှော်ကြိုဆိုနေကြသည်ကိုလည်း သဘောမပေါက်၊ မစဉ်းစားမိ သည်သာမက စုံလည်း မစုံစမ်းခဲ့သဖြင့် ကရင့်တော်လှန်ရေးအောင်ပွဲအတွက် ရလဒ်ကောင်းကြီးတစ်ခုသည် ညံ့ဖျင်း သောခေါင်းဆောင်မှုကြောင့် ဆုံးရှုံးခဲ့ရသည်။

– ဗိုလ်ချုပ်မင်းမောင်နှင့် ဗိုလ်မှူးနော်ဆိုင်းတို့နှစ်ဦးသည် ကရင်တပ်နှင့် ကချင်တပ်အင်အား ၃,၀၀၀ကျော်နှင့် တောင်ငူမြို့ သို့ စတင်ချီတက်သည်။ ကားလမ်း၊ ရထားလမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရာ ဗမာ့တပ်မတော်မှ ၎င်းတို့စစ်ကြောင်းကို တိုက်ခိုက်ခြင်း မပြုခဲ့သော်လည်း ညောင်လေးပင်တွင်မူ စတင်တိုက်ခိုက်ကြသည်။ ညောင်လေးပင်ကို ၃ရက်အတွင်း ဝိုင်းပတ်မိနိုင်ပြီး ၄ရက်နေ့ညတွင် လှံစွပ်နှင့်ဝင်ရောက်ကာ တက်ထိုးရတော့သည်။ ဗမာ့တပ်မတော်တပ်သားများသည် ကရင်တို့၏ အနီးကပ် လှံစွပ်တိုက်ပွဲကို မခံနိုင်ဘဲ ကစဉ့်ကလျား ထွက်ပြေး၊ အဖမ်းခံသူလည်း အဖမ်းခံခဲ့ကြသည်။ ထို နေ့တွင် ကချင်နှင့်ကရင်တို့က ညောင်လေးပင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်က ကရင့်တော်လှန်ရေးမှာ ထိုးစစ် ဖြစ်နေပြီး ဗမာ့တပ်မတော်သည် ခံစစ်အနေအထား ဘဝတွင်သာရှိသည်။

– သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းမီးကျောက်များကို ဗိုလ်မှူးကြီးနော်ဆိုင်းက ညောင်လေးပင်ရှိ KNDO တပ်မဟာ မှူး ဗိုလ်မှူးအောင်စိန်အား ထိန်းသိမ်းထားပေးရန် တာဝန်ပေးသည်။ KNDO တပ်မှူးနှင့်တပ်သားများက စစ်ကြောင်းမှ အပ်နှံထားသော လက်နက်ခဲယမ်းမီးကျောက်များကို စနစ်တကျ သိမ်းဆည်းရမည့်အစား ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ကိုယ့် အိမ်ကိုယ်ယူသွားကြသည်။ ထို့အတူ ညောင်လေးပင်မြို့ပေါ်ရှိ ရန်သူ့ပစ္စည်းများအပြင် လူထုပိုင်ပစ္စည်းများကိုလည်း ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ကိုယ့်အိမ်ကိုယ်ပြန်သယ်သွားကြသည်။

– ဗိုလ်ချုပ်မင်းမောင်မှ ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် ဗိုလ်မှူးစောဦးတို့၏ တပ်အင်အား ၂,၀၀၀ကျော်တို့ဖြင့် ရန်ကုန်သို့ ဝင်ရောက်သိမ်းပိုက်ရန် တာဝန်ပေးလိုက်သည်။ တာဝန်ပေးချက်အရ ချီတက်ရာ ဒိုက်ဦးတွင် တိုက်ပွဲဖြစ်ရာ ၃နာရီခန့် ကြာအောင် တိုက်ယူခဲ့ရသည်။ ထို့နောက် ဖောင်တော်သီ ကဒုတ်ကို ဆက်လက် ချီတက်တိုက်ခိုက်ရာ တစ်နာရီကျော် ထပ်မံ တိုက်ပွဲဖြစ်ပွားပြန်သည်။ ဘုရားကြီး၊ ဘုရားကလေးမြို့တွင် ဗမာ့တပ်မတော်မှ အခိုင်အမာ ခံစစ်ဖြင့် ခုခံရာ၊ ယမ်းသီးအားနည်းလာသဖြင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။ ထိုအခြေအနေတွင် ရှေ့သို့ဆက်မထိုးသေးဘဲ ဘုရားကြီး၊ ဘုရားကလေးတွင် ရန်သူနှင့် မျက်နှာချင်းဆိုင်ကပ်လျက် တပ်ကိုချထားလိုက်သည်။

– KNDO တပ်မဟာမှူး ဗိုလ်မှူးအောင်စိန်ထံသို့ ယမ်းသီးများ ပို့ပေးရန် တောင်းခံရတော့သည်။ ယမ်းသီးများ မရှိတော့ ကြောင်း အကြောင်းပြန်ကြားသည်။ အကြိမ်ကြိမ် တောင်းခံသော်လည်း ယမ်းသီးမရသဖြင့် စစ်ကြောင်းကို ဒိုက်ဦးမြို့ တွင် ခံစစ်ပုံစံဖြင့် တပ်ချနေရာယူခိုင်းထားပြီး ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် ဗိုလ်မှူးကြီးစောဦးတို့သည် ညောင်လေးပင်သို့ တပ်ပြန်ဆုတ်ခဲ့ရသည်။ ညောင်လေးပင်သို့ရောက်သည်နှင့် ယမ်းသီးများတောင် ယူမရ။ ရန်ကုန်ကို တိုက်ခိုက်ရန် ယမ်းသီးမရှိလျှင် မဆင်းနိုင်ကြောင်း ဆွေးနွေးပြသော်လည်း ယမ်းသီးကို ထုတ်မပေးခဲ့ကြ။

– ဗိုလ်မှူးကြီးနော်ဆိုင်းက စိတ်ဆိုးကာ ငွေထုပ်ကြီး ထုတ်ပြီး (၃၀၃) ယမ်းသီးတစ်လုံးကို (၂ိ/-) ၂ကျပ်နှုန်းဖြင့် ဝယ်ယူ သောအခါ ယမ်းသီးများ သေတ္တာလိုက် ထွက်လာသည်။ KNDO တပ်မှူးတချို့မှာ ဗိုလ်မှူးကြီးနော်ဆိုင်း ရန်ကုန်ကို တိုက်ရန် ယမ်းသီးဝယ်ယူနေကြောင်း၊ မင်းတို့မှာ ယမ်းသီးရှိရင် အမြန်ဆုံး ထုတ်ရောင်းကြရန် လှုံ့ဆော်ခဲ့သည်။ ညောင် လေးပင် ကရင်များထံမှ ဗိုလ်မှူးကြီးနော်ဆိုင်း ယမ်းသီးများဝယ်ယူရရှိပြီးနောက်၊ နောက်တစ်နေ့တွင် ရန်ကုန်ကိုဆင်း တိုက်လိမ့်မည်ဟု ထင်မှတ်နေကြသည်။ နောက်နေ့မနက်ပိုင်းတွင် ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် သူ့တပ်များ၊ စစ်မော်တော် ယာဉ်များကို တောင်ငူမြို့ဘက်သို့လှည့်ပြီး ဗိုလ်မှူးကြီးနော်ဆိုင်းက “ငါ အခု စစ်လာတက်တာ ကရင်အတွက်ဖြစ် တယ်။ ကရင်အတွက် ယမ်းသီး လိုအပ်တာတာကို ကရင်တွေက ထုတ်မပေးနိုင်ဘူး။ ငါလိုတာ ငါပဲ ပြန်ဝယ်ယူရတယ်။ မင်းတို့ကရင်တွေ နောင်တစ်ချိန် မျက်ရည်ကျမှ ငါလာကူပေးတော့မည်”ဟု ကရင်စစ်ခေါင်းဆောင်များနှင့် လူထုအား အပြန်တွင် နှုတ်ဆက်စကားပြောသွားခဲ့သည်။ တောင်ငူမြို့သို့ရောက်သည့်အခါ ဗိုလ်ချုပ်မင်းမောင်ထံသို့ ကျနော် အထက်ဗမာပြည်ကို ပြန်တက်တော့မည်ဖြစ်ကြောင်း၊ ရန်သူကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခွင့်တောင်းရာ ဗိုလ်ချုပ်မင်းမောင်မှ ခွင့်ပြုလိုက်သည်။ ထိုအချိန်မှစ၍ ဗိုလ်မှူးနော်ဆိုင်းတစ်ယောက်၏ သတင်းကို အစအနပင် မရတော့ပေ။

– ဗမာတပ်များသည် အင်းစိန်မြို့ကို ဆက်လက်သိမ်းပိုက်ရန် အင်အားမရှိတော့သော အခြေအနေဖြစ်သဖြင့် ကရင်တပ် က မင်္ဂလာဒုံနှင့် ရန်ကုန်မြို့တို့ကို တက်သိမ်းရန် ချီတက်နေကြစဉ် မနက် ၆နာရီအချိန်ခန့်တွင် ရန်ကုန်မြို့ကားလမ်း ပေါ်မှ အလံဖြူထောင်ထားသော ကားတစ်စီး ကားလမ်းအတိုင်း တဖြည်းဖြည်း မောင်းနှင်လာနေသည်ကို တွေ့ခဲ့ရ သည်။ ရှေ့တန်းစစ်ဆင်ရေးမှူးမှ အင်းစိန်ဘက်သို့ အလံဖြူထောင်၍ တက်လာသော ဂျစ်ကားတစ်စီးလာနေကြောင်း အကြောင်းကြားလာသောအခါ အလံဖြူနှင့်လာသော ဂျစ်ကားကို ဝင်ခွင့်ပြုရန် အမိန့်ပေး၍ ဂျစ်ကားပေါ် ပါလာသူများ ကို ရှေ့တန်းစစ်ဆင်ရေးမှူးနှင့်တွေ့ဆုံရန် ခေါ်လာကြသည်။

– ဂျစ်ကားတွင် ဗမာ့တပ်မတော်မှ တပ်မှူးတစ်ဦး၊ ပါကစ္စတန်သံအမတ်တစ်ဦး၊ ဗြိတိသျှသံအမတ်တစ်ဦးနှင့် အိန္ဒိယသံမှူး တစ်ဦးတို့ ပါရှိလာပြီး စောဘဦးကြီးနှင့်တွေ့ဆုံလိုကြောင်း အကြောင်းကြားသဖြင့် အင်းစိန်အတွင်းသို့ ဝင်ခွင့်ပြုလိုက် သည်။

– ဗမာ့တပ်မတော်ကိုယ်စားလှယ်သည် ယခုအချိန် အပစ်အခတ်ရပ်စဲထားပြီး ဝန်ကြီးချုပ်ဦးနုမှ စောဘဦးကြီးအား တွေ့ ဆုံလိုကြောင်း၊ ကရင်-ဗမာပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်ရေးအတွက် ရန်ကုန်မြို့သို့ စောဘဦးကြီးအနေဖြင့် လာရောက်တွေ့ဆုံရန်ပင်ဖြစ်သည်။ ထိုတင်ပြချက်ကြောင့် KNU ဗဟိုမှ ရှေ့တန်းစစ်ဆင်ရေးမှူးထံသို့ ယခုအချိန်မှစ၍ ထိုးစစ်ကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားချက်ထုတ်လိုက်သည်။ အင်းစိန်မြို့ရှိ ကရင်ခေါင်းဆောင်များ၊ တပ်မှူးများ ကို ခေါ်ယူဆွေးနွေးညှိနှိုင်းရမည်ဖြစ်သဖြင့် ဗမာတပ်မှူး အပါအဝင် ကိုယ်စားလှယ် ၄ဦးကို အင်းစိန်တွင် ခေတ္တစောင့် ဆိုင်းခိုင်းခဲ့သည်။

– ကရင်ခေါင်းဆောင်များနှင့် ဗမာခေါင်းဆောင်များ နှစ်ဘက် အပြန်အလှန် ဆွေးနွေးနေကြစဉ် ပုသိမ်နယ်ဘက်မှ ကရင် တပ်ရင်းများသည် “စစ်တွေမှ စစ်သင်္ဘောများ ရန်ကုန်သို့ ချီတက်နေကြောင်း” ပစ်မိန့်တောင်းခံခဲ့သည်။ အင်းစိန်စစ်ဦး စီးချုပ်ရုံးမှ ပစ်ခွင့်မပေးခဲ့။ အင်းစိန်၊ ခဝဲခြံ၊ တောင်သူကုန်းအနီးရှိ တောင်ကုန်းမြင့်သော နေရာ၊ နေရာကောင်းများတွင် ဗမာ့တပ်မတော်မှ နေရာတက်ယူခြင်း၊ လက်နက်ကြီးများ တပ်ဆင်နေခြင်းများကို ပြုလုပ်နေကြသည်။ နှစ်ဘက် ၇ရက် ကြာတွေ့ဆုံဆွေးနွေးနေစဉ် ဗမာတပ်များက အထက်ပါအတိုင်းလုပ်ဆောင်ပြီး အင်းစိန်ကို ဝိုင်းပတ်ပိတ်ဆို့ရန် စစ်ရေး ပြင်တော့သည်။ နှစ်ဘက် ၇ရက်ကြာ တွေ့ဆုံဆွေးနွေးနေစဉ် ဗမာတပ်များသည် အထက်ပါအတိုင်း လုပ်ဆောင်ပြီး အင်းစိန်ကို ဝိုင်းပတ်ပိတ်ဆို့ရန် စစ်ရေးပြင်တော့သည်။ တွေ့ဆုံဆွေးနွေးပွဲလည်းပျက်သည်နှင့် ဗမာတပ်များသည် အင်းစိန်မြို့ကို လက်နက်ကြီးများဖြင့် တရစပ် ပစ်သွင်းခဲ့သည်။

အထက်တွင် ကောက်နုတ်ဖော်ပြခဲ့သော သင်ခန်းစာတွေကို တစ်ခုချင်း ဖတ်ကြည့်ပြီး ခြုံငုံသုံးသပ်ပါက ပထမ တစ်ခုက မိမိတို့ရဲ့ တပ်ပိုင်းဆိုင်ရာ/စစ်ရေးဆိုင်ရာ အထွေထွေပေါ့လျော့မှုဖြစ်ပြီး ဒုတိယတစ်ခုကတော့ ရန်သူ့ဘက်က “စေ့စပ်ရေး”ဆိုတာနဲ့ ချော့မြှူလှည့်စားပြီး အချိန်ဆွဲ စစ်ပြင်ဆင်နေတာကို ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအမှား ၂ခုလုံး ဟာ သေလောက်တဲ့ အမှားအယွင်းတွေ၊ တော်လှန်ရေးကို ရှည်ကြာကွေ့ကောက်စေတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒီသမိုင်းသင်ခန်းစာတွေဟာ ၁၉၄၈ – ၄၉ – ၅၀ ခုနှစ်ကာလများတွင်သာ ရှိသည်မဟုတ်ဘဲ ၇၅နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး ကာလတစ်လျှောက်လုံးမှာ ပုံစံအမျိုးမျိုးနှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ကြရ သော ခါးသီးနာကျည်းဖွယ် အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအတွေ့အကြုံတွေဟာ “ကရင်များအတွက် သာ” သီးသန့် မဟုတ်ဘဲ (စကစ)စစ်အုပ်စုကို ဦးတည်ဆန့်ကျင်တော်လှန်နေတဲ့ မည်သည့်အဖွဲ့အစည်းတိုင်းကမဆို လေးလေးနက်နက် ရယူကြရမယ့် သမိုင်းသင်ခန်းစာတွေလည်း ဖြစ်ပါတယ်။

တော်လှန်ရေးအောင်ပွဲနဲ့ ဝေးနေရခြင်း၊ တော်လှန်ရေးကွေ့ကောက်ရှည်ကြာခြင်း စတဲ့ကိစ္စတွေမှာ ယူသင့်ယူ ထိုက်တဲ့ သင်ခန်းစာတွေကို လေးလေးနက်နက်၊ သတိပြု ဆင်ခြင်ရယူခြင်းဆိုတဲ့ တည်ကြည်မှန်ကန်စွာ သင်ခန်းစာရ ယူမှု ပျက်ကွက်ခြင်းကလည်း အခြေခံအကြောင်းတစ်ရပ်အနေနဲ့ ပါဝင်နေလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ကျနော်တို့ နဖူးတွေ့၊ ဒူးတွေ့ကြုံကြရတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတိုင်းဟာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေရဲ့ အသက်တွေ၊ သွေးတွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ပေးဆပ်ပြီး ရယူခဲ့ကြရတာ မဟုတ်ပါလား။ ဒါကြောင့် ဒီသင်ခန်းစာတွေကို (ဘယ်အဖွဲ့အစည်းရဲ့သင်ခန်းစာကိုမဆို) ပေါ့ပေါ့ဆဆ သဘောထားလို့ ဘယ်လိုမှမဖြစ် ပါဘူး။

အခုတော့ ကျနော်တို့ဟာ မြဝတီမြို့ကို သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းအနေအထားလို့ ပြောလို့ရနိုင်မယ် ထင် ပါတယ်။ ဒါ့အပြင် မြဝတီကိုသိမ်းပိုက်တဲ့အခါ မလွှဲမရှောင်နိုင်ဘဲ ဆက်စပ်ဆောင်ရွက်ရမယ့် ကရင်အဖွဲ့ချည်းပဲ [(KNU) (KNU/KNLA – PC) (BGF မှ အသွင်ပြောင်း KNA) နဲ့ (DKBA)] ၄ဖွဲ့ ရှိနေတယ် မဟုတ်ပါလား။

ဒီတော့ ဒီအဖွဲ့တွေအကြားမှာ အကျေအလည် ညှိနှိုင်းကြဖို့နဲ့ အပြန်အလှန် နားလည်မှုရှိဖို့က အင်မတန် အရေး ကြီးပါတယ်။ မြဝတီသိမ်းပိုက်ရေးအတွက် အဆုံးအဖြတ်အခန်းကပင် ရှိနေတယ် ဆိုချင်ပါတယ်။

ပြီးတော့ (စကစ)စစ်အုပ်စုဟာ မြဝတီမြို့ကို အသာတကြည်နဲ့၊ လွယ်လွယ်နဲ့ လက်လွှတ်အလျှော့ပေးမှာ မဟုတ်ပါဘူး။ နည်းမျိုးစုံနဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်မှာပါ။
ဒီတော့ မြဝတီမြို့ကို တကယ်တမ်း သိမ်းပိုက်ကြမယ်ဆိုရင်တော့ ယခုဆောင်းပါးအစပိုင်းမှာ ဖော်ပြခဲ့တဲ့ အကြောင်းအချက် ၃ခုကို အလေးအနက်ထားပြီး စစ်ရေး/နိုင်ငံရေးအရ ပြတ်ပြတ်သားသားလုပ်ကြရမှာလို့ ထင်မြင်ယူ ဆပါကြောင်း တင်ပြလိုက်ရပါတယ်။