Home သတင်း လယ်ဒိုမြို့နယ် ဘုရားကျောင်းသို့ စစ်ကောင်စီဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ၃ ဦး ဒဏ်ရာရ

လယ်ဒိုမြို့နယ် ဘုရားကျောင်းသို့ စစ်ကောင်စီဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ၃ ဦး ဒဏ်ရာရ

822
Photo: CJ

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) လယ်ဒို (ကျောက်ကြီး)မြို့နယ် တောကြောင်ပေါက်ကျေးရွာရှိ ဘုရားကျောင်းသို့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်၍ ကျောင်းသူနှစ်ဦးနှင့် ကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက စာသင်ကျောင်းများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်မှု များပြုလုပ်နေသည့်အတွက် ယခုလို ဘုရားကျောင်းထဲသို့ ပြောင်းရွှေ့စာသင်နေစဉ် ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခံရခြင်း ဖြစ်သည်ဟု ကျေးရွာဒေသခံများက ပြောသည်။

“ဘုရားကျောင်းကိုလာပစ်တော့ ဘုရားကျောင်းကတော့ပြိုသွားတယ်။ အဲဒီမှာစာသင်နေတဲ့ကလေးတွေ ထိသွားတာရှိတယ်။ ကလေးတွေကို စာသင်ကျောင်းထဲမှာ စာမသင်ရဲဘူး။ ဘုရားကျောင်းမှာ သွားသင် တော့လည်း ဘုရားကျောင်းကို လာပစ်တယ်။ ဒီရက်ပိုင်း စစ်ကောင်စီတပ်က ရွာဘက်ကို လက်နက် ကြီးတွေ ဆက်တိုက်ပြန်ပစ်လာတယ်။ ဘုရားကျောင်းကို လာပစ်တာက ဒရုန်းနဲ့လာပစ်သွား တာဖြစ်တယ်” ဟု ဒေသတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ ဒရုန်းနှင့်ပစ်ခတ်သည့်အတွက် နော်ရွှေစင်ဦး အသက် ၆ နှစ်၊ နော်သူမူးအိပ် အသက် ၉ နှစ်နှင့် ကျောင်းဆရာမ နော်ရှီးလားမှူးတို့ ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း သိရသည်။

စစ်ကောင်စီဘက်က စာသင်သည့် နေရာများကို ယခုလို ပစ်မှတ်ထား ပစ်ခတ်သည့်အတွက် တော ကြောင် ပေါက်ကျေးရွာအပြင် ဒေသအတွင်းရှိ နိုညာသူကျေးရွာ၊ ပိုးလိုနိုဖိုးကျေးရွာ၊ ခလယ်တူရွယ်၊ ခညောင်တန်း၊ မတောကူး၊ အင်းနက်နှင့် သူးကဘီးစသည့် ကျေးရွာများရှိ စာသင်ကျောင်းများ ပိတ်ထား လိုက်ရသည်ဟု ဒေသခံများက ကေအိုင်စီသို့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပြောသည်။

တောကြောင်ပေါက်ရွာ ဘုရားကျောင်းကို ပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ထိုဒေသအတွင်းရှိ တပ်စွဲနေသည့် အမှတ် ၃၀၇ ခြေမြန်တပ်ရင်းမှ ပစ်ခတ်ခြင်းဖြစ်ကာ ကျေးရွာထဲသို့ နိုဝင်ဘာ ၁၉ ရက်နေ့ (ယမန်နေ့)တွင် တစ်နေကုန်နီးပါး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုလ နိုဝင်ဘာလ ၁၈ရက်နေ့က စတင်၍ စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်လက်နက်ငယ်များနှင့် ထိုဒေသထဲသို့ ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေသည့်အတွက် လက်ရှိ တောကြောင်ပေါက် ကျေးရွာတွင် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။