Home သတင်း ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယကြိမ် ဗုံးကြဲခံရမှု အိမ် ၁၂ လုံးနှင့် ဘာသာရေးအဆောင်တစ်လုံး ပျက်စီး

ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယကြိမ် ဗုံးကြဲခံရမှု အိမ် ၁၂ လုံးနှင့် ဘာသာရေးအဆောင်တစ်လုံး ပျက်စီး

597
Photo: Moebye PDF

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်၊ ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၁၂ လုံး၊ ခရစ်ယာန် ဘာသာရေးဆောင်တစ်ဆောင်ပျက်စီး သွားသလို ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု KNDF က ပြောသည်။

ဘန်ကောက်စစ်ဘေးရှောင်စခန်းသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ် ကောင်စီက ဒုတိယအကြိမ် ဗုံး ၅ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်တာအဲစိုးက ယနေ့တွင် ကေအိုင်စီသို့ ပြောဆိုသည်။

“ဟုတ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းက ဒေသခံနေအိမ် ၁၂ လုံး၊ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ တစ်ဆောင်၊ ပြီးတော့ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရပြီးတော့၊ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း ထိုဗုံးကြဲခံရသည့်နေရာမှ ဒေသခံစစ်ဘေးရှောင်အများစု ရွှေ့ပြောင်းနိုင်ရန်အတွက် ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC မှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများမှ စစ်ဘေးရှောင်ဂေဟာသို့ သွားရောက်၍ တာဝန်ယူဆောင်ရွက်ပေးမှုများရှိနေကြောင်း IEC ၏ တွဲဖက်အတွင်းရေးမှူး -၂ ဗညားခွန်အောင်က ပြောဆိုသည်။

Photo: Moebye PDF

၎င်းက “အရွှေ့အပြောင်းအနေနဲ့ ကျနော်တို့ IEC ဌာနက တာဝန်ရှိသူတွေက ဂေဟာကိုသွားပြီးတော့ ကြီးကြပ် ပေးကူညီပေး နေတာတွေ ရှိတယ်။ ဒါတွေက မြို့နယ်အုပ်ချုပ်ရေးနဲ့ ပူးတွဲပြီးလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ် တွေတော့ ရှိတာပေါ့။ ကျနော်တို့အနေနဲ့ကတော့ အချက်အလက်တွေမသိရသေးဘူး။ အပျက် အစီးသိပြီး အရွှေ့အပြောင်းတွေရှိမယ်။ ဒါပေမဲ့ ဘယ်ကိုပြောင်းရမလဲဆိုတာတော့ အတိအကျမသိသေးပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ရှမ်း-ကရင်နီ နယ်စပ်၊ လအိကျေးရွာတွင်တည်ရှိသည့် ဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ကလေးငယ် ၇ ဦး အပါ အဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး နေအိမ် အလုံး ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ ပထမအကြိမ် ဗုံးကြဲခံရသည့်ဖြစ်စဉ်တွင် စစ်ရှောင်စခန်းရှိ မိသားစု ၆ ဦး နေထိုင်သည့် နေအိမ်အပေါ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦးအထိ သေဆုံးခဲ့ရပြီး ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC က ထုတ်ပြန်ထားသည်။