Home သတင်း ဧရာဝတီတိုင်းအတွင်း ဒုတိယအကြိမ် မိုးကြီး၍ စပါးသီးနှံများပျက်စီး၊ ပဲစိုက်ခင်းများ ရေနစ်မြှုပ်

ဧရာဝတီတိုင်းအတွင်း ဒုတိယအကြိမ် မိုးကြီး၍ စပါးသီးနှံများပျက်စီး၊ ပဲစိုက်ခင်းများ ရေနစ်မြှုပ်

616
Photo: Social Media

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ပန်းတနော်၊ အိမ်မဲ၊ ကျောင်းကုန်းအစရှိသည့် မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း မိုးထပ်မံရွာသွန်းပြီး ရိတ်သိမ်းရမည့် မိုးစပါးများ ရေနစ်မြှုပ်ပျက်စီးသလို ဧရာဝတီမြစ် အနီး ကျေးရွာများတွင်လည်း မြစ်ရေ လျှံတက်လာ၍ မြစ်အနီး စိုက်ပျိုးသည့် စီးပွားဖြစ် ပဲစိုက်ခင်းများ ရေမြှုပ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံလယ်စိုက်တောင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေများလည်း တက်လာခြင်းကြောင့် ရိတ်သိမ်းရမည့် မိုးစပါးများ ရေနစ်မြှုပ်ခဲ့သလို စိုက်ပျိုးထားသည့် ပဲစိုက် ခင်းများမှာလည်း မြစ်ရေလျှံတက်၍ ရေမြှုပ်ပျက်စီးသွားသည့်အခြေအနေနှင့်ပတ်သက်၍ ပန်းတနော် မြို့နယ်ရှိ အမည်မဖော်လိုသူ လယ်သမားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက မိုးက ရွာနေတာ။ တောက်လျှောက်လိုဖြစ်တော့ ရေက ထပ်တက် လာပြီး စပါးတွေလည်း ရိတ်မရတော့ဘူး။ ပဲတွေလည်း ရေမြှုပ်ကုန်တယ်။ အဓိက ဒီ မြစ်အနီးအနားမှာ ရှိတဲ့ ရွာတွေ ခံရတာပေါ့။ ပန်းတနော်အရှေ့ခြမ်းက ရွာတွေပေါ့။ အဲ့မှာက မတ်ပဲတွေ ဘိုကိတ်ပဲတွေ တော်တော်များများ စိုက်ကြတယ်။” ဟု ထိုလယ်သမားက ပြောသည်။

ပြီးခဲ့သည့်လများက ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝှမ်းရေကြီးခဲ့ရာတွင်လည်း ဧရာဝတီတိုင်းရှိ မိုးစပါး စိုက်ခင်းအများအပြား ထိခိုက်ပျက်စီးသွားခဲ့ရသည်။ ယခုလို မိုးစပါးရိတ် သိမ်းရမည့် ကာလအတွင်း မိုးထပ်မံ ရွာသွန်း၍ စပါးခင်း များရေဝပ်ကာ ရေပေါ်တွင်သာ ရိတ်သိမ်းရ၍ စပါးသီးနှံ အနည်းအငယ်သာ ရရှိကြကြောင်းလည်း အဆိုပါ လယ်သမားများက ဆက်ပြောသည်။

ကျောင်းကုန်းမြို့နယ်တွင်လည်း အလားတူ မိုးဆက်တိုက်ရွာသွန်း၍ စပါးခင်းများအတွင်း ရေဝပ်၍ စပါးသီးနှံအများအပြား မရိတ်သိမ်းနိုင်ဘဲ ယခင်နှစ်များထက် စပါးသီးနှံ အထွက်နှုန်းကျသွားကြောင်း မြို့နယ်ရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ဘက်မှာလည်း မြှုပ်တယ်။ စပါးတချို့ဆို ရိတ်လို့ရတယ်။ တချို့ဆို ရိတ်လို့ မရကြ တော့ဘူး။ မတ်ပဲ တွေလည်း အကုန် ပျက်စီးကုန်တယ်။ ဒီနှစ်တချို့ စပါးခင်းတွေမှာ တစ်ဧကကို တင်း ၂၀၊ ၃၀ လောက်ပဲ ရတော့တယ်။ တချို့ဆိုရင် အကုန်မြှုပ်။ အရင်နှစ်ကဆို တင်း ၁၀၀၊ ၁၀၀ကျော်ထွက်တာ။” ဟု ကေအိုင်စီ သို့ ပြောသည်။

အိမ်မဲမြို့နယ်ရှိ ကျေးရွာများတွင်လည်း မိုးကြီး၍ စပါးများ မရိတ်သိမ်းနိုင်ကြဘဲ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်း၍ ရေဝပ်သော်လည်း ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေပြန်သာလာပြီး ရေပြန်ကျသွားသလို မြစ်ရေလည်း ပြန်ကျသွားပြီးဖြစ်ကြောင်း အထက်ပါ လယ်သမားက ဆက်လက်ပြောဆိုသည်။

ယခုလို မိုးစပါးများနှင့် ပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ကြုံတွေ့ရသလို ကုန်စျေးနှုန်း မြင့်တက်လာ ခြင်း ကြောင့်လည်း လယ်ယာသုံး စိုက်ပျိုးရေး စရိတ်များ ကြီးမြင့်လာကာ ဒေသခံလယ်စိုက်တောင်သူများ အနေဖြင့် ဒုက္ခမျိုးစုံကြုံတွေ့နေရပြီး လာမည့်နှစ်အတွင်း ဆန်စပါးရှားသွားမည်ကို စိုးရိမ်နေရကြောင်း တောင်သူများက ပြောသည်။

လတ်တလော ပျက်စီးသွားသည့်အတွက် မိုးစပါးစိုက်ခင်းများအစား ဆောင်းစပါးများ စိုက်ပျိုးသွားရန် ပြင်ဆင်နေကြပြီး အချို့မှာ ပဲစိုက်ခင်းများကိုလည်း ထပ်မံ စိုက်ပျိုးသွားကြမည်ဖြစ်ကာ ယခုနှစ်ရာ သီအတွင်း ဆောင်းစပါးကိုသာ အဓိက အားထားရတော့မည်ဖြစ်ကြောင်း လယ်စိုက်တောင်သူများက ဆိုသည်။

အလားတူ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက် ရွာသွန်းမှုများ ဖြစ်ပေါ်နေပြီး ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင်လည်း စံချိန်တင် မိုးကြီးရေ လျှံမှုဖြစ် ပေါ်နေကာ ကူညီကယ်ဆယ်မှုများလည်း ပြုလုပ်နေရကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်အတွင်း ဗီယက်နမ်ကို တိုက်ခိုက်ခဲ့သည့် ရာဂီ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သျှမ်း ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် နေပြည်တော်ကောင်စီ နယ်မြေများတွင် မိုးကြီးရေလျှံမှုနှင့် မြေပြိုမှုကို ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည်။ ရေဘေးကြောင့် လူ ၃၆၀ ကျော်သေဆုံးကာ၊ ၁၀၀၀ ဦးကျော် ပျောက်ဆုံး နေဆဲ ဖြစ်ပြီး လူပေါင်း ၁ ဒသမ ၁ သန်းကျော် ရေလွှမ်းဒဏ်ခံခဲ့ရသည်ဟု ကုလလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)က စက်တင်ဘာ ၂၆ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။