ဩဂုတ် ၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကျုံဒိုး ဒေသအတွင်းသို့ ဩဂုတ်ဒုတိယအပတ်အတွင်းမှစ၍ စစ်ကောင်စီက စစ်ကူ၊ လက်နက်ခဲယမ်းများ ဖြည့်ဆည်း ပို့ဆောင်နေပြီး စစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်မှုများရှိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။
စစ်ကောင်စီက အဆိုပါ ဒေသအတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားသည့် အခြေချနေရာများ၊ စစ်ကြောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့စခန်းများသို့ ဖားအံဘက်မှ စစ်ကူနှင့် လက်နက်ခဲယမ်းများ ဖြည့်ဆည်းပို့ဆောင်ကာ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ် သည်ဟု အဆိုပါ သတင်းရင်းမြစ်က ယခုလို သုံးသပ်ပြောဆိုသည်။
“ဒီလ ၁၀ ရက် နောက်ပိုင်းကတည်းက ကျုံဒိုး၊ နဘူး၊ ကော့ကရိတ် ကိုးတိုင်၊ မြပတိုင်၊ ကနေ မြဝတီအထိ၊ စစ်တပ် က နေရာစုံကနေ ရွာတွေဘက်က စစ်ကြောင်းတွေ၊ သူတို့ စစ်တပ်တပ်ရင်းတွေ၊ စစ်ကတုတ်တွေကို လူနဲ့ ခဲယမ်း အင်အား နေ့တိုင်းဖြည့် နေတယ်။ ဖားအံကနေ ကားချောဆွဲပြီး ပို့နေတယ်။ အာရှလမ်းကို ရအောင်တိုက်ဖို့ မြဝတီ ဘက်ကနဲ့ ကော့ကရိတ်ဘက် နှစ်ဖက်စလုံးက တိုက်ဖို့ လုပ်နေတယ်။ ကင်းထောက် လေယာဉ်က မနက်၊ ညပတ် နေတယ်” ဟု ကော့ကရိတ် စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် မြဝတီ အာရှလမ်းသစ်ပိုင်းနှင့် သင်္ဃန်းညီနောင် စခန်းများပြန်လည် သိမ်းပိုက်ရန် ပြင်ဆင် နေပြီး လေးကေကော်အမြှောက်ကုန်းနှင့် ကော့ကရိတ် ခလရ-၉၇ တပ်ရင်းမှ မကြာခဏလက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။ ထို့အပြင် မြေပင်စစ်ကြောင်းထိုး တိုက်ခိုက်မှုများရှိနေပြီး အာရှလမ်းသစ်၊ ကွင်းကလေး၊ ထီးမူထ၊ ရသေ့ဂူ နေရာများတွင် KNLA နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲငယ် များ ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီအနေဖြင့် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အောင်ဇေယျစစ်ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက် နေသော်လည်း အာရှလမ်းမလမ်းသစ်ပိုင်းနှင့် ဒေါန တောင်လမ်းဟာင်း၊ ထီးမူထ ကျေးနယ်နေရာများ ဘက်တွင် KNLA မဟာမိတ် ပူးပေါင်းတပ်များက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။
ထိုသို့ နှစ်ဘက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံး ဒဏ်ရာရမှုများ ရှိနေပြီး KNLAနှင့် ပူးပေါင်း တပ်ဘက်သို့ ဘက်ပြောင်း ခိုလှုံလာသူ ၂၀ ဦးကျော် အထိရှိကြောင်း ပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။



















