Home သတင်း ပြည်သူ့စစ်ဖွဲ့ရန် ကြိုးပမ်းနေသူများကို ရှင်းလင်းခဲ့ဟု ကျွန်းစုကာကွယ်ရေးတပ်ပြော

ပြည်သူ့စစ်ဖွဲ့ရန် ကြိုးပမ်းနေသူများကို ရှင်းလင်းခဲ့ဟု ကျွန်းစုကာကွယ်ရေးတပ်ပြော

540

ဩဂုတ်၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု မင်းခေါင်းဆေးကျေးရွာ၌ ပြည်သူ့စစ် ဖွဲ့ရန်ကြိုးပမ်း နေသူနှစ်ဦးကို သွားရောက် ဖမ်းဆီးစဉ် ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ မင်းခေါင်းဆေးကျေးရွာ၌ ပြည်သူ့စစ်အဖွဲ့ ဖွဲ့ရန် ဒေသခံများကိုစုဆောင်းနေသည့် ရာအိမ်မှူးဦးနောင်မှေး နှင့် ဦးကြည်စင်အောင်တို့ကို ယခုလို မပြုလုပ်ရန် သတိပေးခြင်း၊ ခေါ်တွေ့ပြောဆိုခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆက်လုပ်ဆောင်နေသည့်အတွက် ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၁၉ ရက်၊ ညနေ ၆ သွားရောက်ဖမ်းဆီး ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော် ငမန်းက ယခုလို ပြောသည်။

“အခုလိုဖမ်းဆီးမှုတွေ မလုပ်ခင်အကြိမ်ကြိမ်သတိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်။ သတိပေးမှု နှစ်ကြိမ်အပြင် ခေါ်တွေ့တယ်။ သူတို့ကိုအခုလိုတွေ မလုပ်ဖို့။ ထုတ်ပြန်ချက် တွေလည်း ထုတ်တယ်။ ကျနော်တို့အနေနဲ့ကလည်း စစ်ကောင်စီရဲ့ထောင့်တိုင်မှန်သမျှကို ဖြိုချဖျက်ဆီးသွားမှာဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ သွားရောဖမ်းဆီးချိန်၌ ရာအိမ်မှူးဦးနောင်မှေးနှင့် ဦးကြည်စင်အောင်တို့မှ လက်နက်ငယ်များဖြင့် ပြန်လည် ခုခံပြီး ထွက်ပြေးသောကြောင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးချိန်တွင် နှစ်ဦးစလုံး သေဆုံးခဲ့သည်ဟု ပြန်ကြားရေး တာဝန်ခံရဲဘော် ငမန်းက ဆက်ပြောသည်။

ထို့အပြင် အဆိုပါကျွန်းစုမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခန စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသည့်အပြင် လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ် များအနေဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေးတင်းမာမှု ရှိနေသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

အလားတူ ကျွန်းစုမြို့နယ်၊ သဘောင်တောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်းဖြစ်သူ ဦးကျော်မြင့်ကို ဒေသတွင်း PDF များက မေ ၈ ရက်နေ့တွင် သွားရောက်ဖမ်းဆီးချိန် ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်ရှင်းလင်းမှု ဖြစ်စဉ်ဖြစ်ခဲ့ဖူးသေးသည်။

ကျွန်းစုမြို့နယ်သို့ လေကြောင်း၊ ရေကြောင်းနှင့် စစ်ကြောင်းများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၃,၀၀၀ ဦးကျော် နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သုသေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် FE-5 Tanintharyi ၏ လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။