Home သတင်း ရန်ကုန်တွင် ရှောင်တခင် စစ်ဆေးမှုများ ပိုလုပ်လာ

ရန်ကုန်တွင် ရှောင်တခင် စစ်ဆေးမှုများ ပိုလုပ်လာ

633
Photo: MeKong News

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အတော်များများတွင် စစ်ကောင်စီက ခန့်အပ်ထားသော အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)နှင့် လက် အောက်ခံများ၊ ရဲတပ်ဖွဲ့များ၊ စစ်သားများပူးပေါင်းပြီး ရှောင်တခင် ဧည့်စာရင်းစစ်ခြင်း၊ ဖုန်းများ စစ်ဆေးခြင်းတို့ကို ယခုရက်ပိုင်း ပိုမိုပြုလုပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း မြို့ပြများတွင် ပြောက်ကျားသပိတ်များ ပေါ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ဧည့်စာရင်းများ လိုက်လံစစ်ဆေးမှု ပိုလုပ်လာခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောဆိုကြသည်။

“ဧည့်စာရင်းက မထင်ရင် မထင်သလိုကို စစ်နေတာ။ အခုကြည့်မြင်တိုင်နဲ့စမ်းချောင်းကို ကူးတဲ့ ညဈေး တံတားမှာဆို မကြာခဏပဲ ရဲတွေရော စစ်သားတွေရော စုပြီး ဖုန်းတွေ စစ်တယ်၊ VPN တွေ စစ်တယ်။ ပြီးရင် ပိုက်ဆံတောင်းတယ်” ဟု ရန်ကုန်မြို့နေ မျက်မြင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှုများကို အချိန်ကာလ စီမံချက်တစ်ခု အနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ စိတ်ကြိုက်စစ်ချင်သည့် နေအိမ်များကို စစ်ဆေးနေခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်း နေရာများကိုမူ စစ်ဆေးမှု အပေါ်ယံသာ ပြုလုပ်ပြီး လတ်တလော စစ်ဆေးမှုအများဆုံး နေရာများမှာ အင်းစိန်၊ စမ်းချောင်း၊ သာကေတ၊ တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာ စသည့် မြို့နယ်များ ဖြစ်သည်ဟု အမည်မဖော်လိုသူ အခြားမြို့ခံတစ်ဦးကလည်း ပြောသည်။

အင်းစိန်မြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်ဆေးမှုများကို စစ်ကောင်စီက ရဲ၊ စစ်သား အင်အားသုံးပြီး ရှောင်တခင် လုပ်ဆောင်နေသည်ဟု မြို့နေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “ဧည့်စာရင်း စစ်မယ်လို့ ကြိုမသိထားဘူး၊ ည ၉ နာရီလောက်မှာ ရပ်ကွက်ကို မီးဖြတ်ပြီး‌တော့ ဝင်စစ်တယ်။ အဓိက အဆောင်တွေကို စစ်တယ်။ လူမရှိရင် နာမည်တွေ အတိအကျ မှတ်သွားတယ်” ဟု သူကြုံတွေ့ခဲ့ရသည်ကို ပြောသည်။

စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီမှ ကြေညာပြီးနောက် ဖေဖော်ဝါရီလကတည်းက ရန်ကုန်မြို့ တွင် ဧည့်စာရင်း စစ်ခြင်း၊ ဖမ်းဆီးခြင်းများ ရှိခဲ့ပြီး ယခုတစ်ချိန်တွင် တဖန်ပြန်လည်စစ်ဆေးမှုများ ပိုမို လုပ်ဆောင်လာခြင်း ဖြစ်သည်။