ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်သေးသည့် မြို့နယ်(၃)မြို့နယ်တွင် သင်္ကြန်ပွဲတော်ပြုလုပ်ရေး စစ်ကောင်စီက ညွှန်ကြားထားပြီး ရေကစားမဏ္ဍပ် ဆောက်လုပ်ရန် ဒေသခံလုပ်ငန်းရှင်များထံမှ ငွေတောင်းခံခြိမ်းခြောက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဖားအံနှင့် မြဝတီမြို့ခံ လုပ်ငန်းရှင်များထံမှ သိရသည်။
ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ နှင့် မြဝတီမြို့များတွင် ဧပြီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အတာသင်္ကြန်ပွဲ တော်အတွင်း ယိမ်းအက၊ အလှပြိုင်ပွဲများ မြို့ပေါ် ရပ်ကွက်များအလိုက် ပြုလုပ်ကြရန် စစ်ကောင်စီက ညွှန်ကြားထားပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များကို ဖိအားပေး၍ ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။
ဖားအံမြို့ရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက သင်္ကြန်အတွက်ဟုဆိုကာ မြန်မာကျပ်ငွေ သုံးသိန်း(၃၀၀,၀၀၀)မှ ငါးသိန်း (၅၀၀,၀၀၀)အထိ လုပ်ငန်းရှင်များထံမှ ငွေကောက်ခံနေပြီး ပေးဆောင်ခြင်း မရှိပါက ၎င်းလုပ်ငန်းရှိအလုပ်သမားများကို စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် လူစုဆောင်းသွားမည်ဟု ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း ဖားအံမြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဖားအံမှာ ရပ်ကွက် တစ်ခုဆို မဏ္ဍပ်တစ်ခု လုပ်ရမယ်ဆိုပြီးညွှန်ကြားထားတယ်ပေါ့။ လုပ်ငန်းရှင်တွေ အလုပ်ရုံ စက်ရုံတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လမ်းမှူးတွေက သင်္ကြန်အတွက် ငွေလာကောက်တယ်။ မထည့် ရင် ဧည့်စာရင်း မပေးတော့ဘူး၊ အခွန်ဆောင်မဆောင်စစ်မယ်၊ စစ်သားစုဆောင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ စေတနာရှိသလောက်ထည့် မယ်ဆိုတာမရဘူး။ သင်္ကြန်မဏ္ဍပ် လုပ်မလုပ်တော့ မသိဘူး။ သူတို့တောင်း တဲ့အတိုင်း ငွေ ၃ သိန်းထည့် လိုက်ရတယ်” ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။
ထို့အတူ မြဝတီမြို့နှင့်အနီးတဝိုက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားမှုနေသည့် အခြေအနေတွင် ဗဟို မဏ္ဍပ်နှင့် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များ မဖြစ်မနေ ဆောက်လုပ်ရေကစားရန် စစ်ကောင်စီက ညွှန်ကြားထားပြီး စီးပွားရေးလုပ်ငန်း ကြီး၊ငယ်အလိုက် လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံသည့် အခြေအနေကြုံနေရကြောင်း မြဝတီ မြို့ရှိ ထိုင်း ထုတ်ကုန်ရောင်းဝယ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၎င်းက “စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှုးတွေက ၅ သိန်းကနေ သိန်း ၂၀ လောက်အထိ လုပ်ငန်းပေါ်မူတည်ပြီး တော့ သင်္ကြန်ခေါင်းစဉ် နဲ့ ငွေလာတောင်းတယ်။ အခုက တိုက်ပွဲဖြစ်နေတာ လေယာဉ်နဲ့ နေ့တိုင်း ဗုံးကြဲ၊ မီး တွေ လောင် နေတာ လမ်းတွေက တိုက်ပွဲဖြစ်တော့ ကားဆင်းဖို့မရဘူး၊ ကုန်တွေ အောက်ကို ပို့မရဘူး။ လုပ်ငန်းတွေ မကောင်း ဘူး၊ ငွေပဲလာလာ ကောက်နေတာ ညှိနှိုင်းလို့ လည်းမရဘူး။ ၅သိန်း ထည့်လိုက်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီက ၎င်းတို့လက်အောက်ခံဝန်ထမ်းများကို မြဝတီမြို့အတွင်း သင်္ကြန်ရက်လူစည်ကားရန် ညွှန်ကြား ထားခြင်းဖြစ်သလို ယခင်သင်္ကြန်ပွဲတော်တွင် အလှူရှင်များက စေတနာအလျောက် ကျွေးမွေးသည်ကလွဲ၍ ဌာနဆိုင်ရာအလိုက် နိုင်ငံတော်ကချပေးသည့် ငွေကြေးအပေါ်တွင် ပွဲတော်ကျင်းပသည့်အခြေအနေမှ ယခုကဲ့သို့ မတရားငွေကောက်ခံခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း တွေ့ကြုံရသည့်လုပ်ငန်းရှင်များက ဝေဖန်ပြောဆိုကြသည်။
ကရင်ပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အနက် စစ်ကောင်စီ၏ လေကြောင်းဖြင့် နေ့ရော ညပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် နှင့် တောင်ယာများ မီးလောင်ပျက်စီးမှုမြင့် တက် လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေကြောင်း မြေပြင်သတင်းအရင်း အမြစ်များအရ သိရသည်။



















