ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလအတွင်း မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်း အကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ (၁,၃၀၀) ကျော်ရှိလာကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) ၏ ဒီဇင်ဘာလ၊ ၂၀၂၃ ခုနှစ်အတွက် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
စစ်တပ် အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ်မှစ၍ မိုင်းအရေးညှိနှိုင်းဆောင်ရွက်မှု ယန္တရားများ ရပ်တန့်သွားခဲ့ရသော မြန်မာနိုင်ငံတွင် မိုင်းနှင့်စစ်အကြွင်းအကျန်ပေါက်ကွဲပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်တွင် (၁၀၈)ဦး သေဆုံးပြီး၊ (၂၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဆက်လက်ပြီး ၂၀၂၂ ခုနှစ်တွင် သေဆုံးသူ(၃၈၄)ဦးနှင့် (၁၆၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို UNICEF မြန်မာ၏ စာရင်းများအရလည်း ၂၀၂၃ ခုနှစ် ဧပြီလအထိ (၃၈၈)ဦး သေဆုံးခဲ့သဖြင့် မိုင်းကြောင့် ထိခိုက်သေဆုံးသူ နှစ်အလိုက် များပြားလာကြောင်း ထိုအစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။
အစီရင်ခံစာပါအချက်အလက်များသည် လက်ရှိမြေပြင်တွင်ဖြစ်ပွားနေသော အချက်အလက်များနှင့်နှိုင်းယှဉ်ပါ က နည်းပါးနိုင်ပြီး မြန်မာစစ်တပ်နှင့် စစ်တပ်ဆန့်ကျင်သော အင်အားစုများ၏မိုင်းအသုံးပြုမှုကြောင့် ထိခိုက် သေ ဆုံးခြင်း၊ တိုက်ပွဲအတွင်း အသုံးပြုရာမှ ထိခိုက်သေဆုံးခြင်းအစရှိသည့် ကဏ္ဍလေးခုဖြင့် ဖော်ပြထားသည် ဟု လည်း အဖွဲ့၏ ဒီဇင်ဘာလ(၂၉)ရက်နေ့က ပြုလုပ်ခဲ့သော အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ဒီအချက်အလက်တွေက မြေပြင်မှာရှိတာနဲ့ယှဉ်ရင် အများကြီးနည်းနေမှာပါ။ ကျနော်တို့ အစီရင်ခံစာမှာ စစ်တပ်ကသုံးတာနဲ့ စစ်တပ်ကိုဆန့်ကျင်တဲ့အဖွဲ့တွေသုံးတာ၊ စစ်တပ်ဆန့် ကျင်နေတဲ့အဖွဲ့တွေရဲ့ တိုက်ပွဲ တွေမှာသုံးတာနဲ့ ဘယ်သူသုံးလဲမသိရတဲ့ကဏ္ဍဆိုပြီး ကဏ္ဍလေးခုနဲ့ ဖော်ပြတာဖြစ်ပါတယ်။ စစ်တပ်က သုံးတယ်ဆိုတာကတော့ ဒေသခံတွေကပြောတာမျိုးရှိတယ်။ စစ်တပ်ကိုဆန့်ကျင်တဲ့အဖွဲ့တွေကတော့ သူတို့ မိုင်းသုံးနေတယ်ဆိုတာမျိုး အသိပေးတာ တရားဝင်ထုတ်ဖော်ပြောထားတာရှိပေမယ့် ထိခိုက်မှုကတော့ ရှိနေတုန်းဆိုတာမျိုး တွေ့ရတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်းရှိ မိုင်းထိခိုက်သေဆုံးသူစာရင်းများတွင် အရပ်သား (၄၁၀)ဦး ပါဝင်၍ စစ်သား (၁၃၅)ဦး ပါဝင်နေကြောင်း ဖော်ပြထားသလို အရပ်သားများ ထိခိုက်သေဆုံးရမှုအကြောင်းအရင်းမှာ မိုင်းရှိရာ ဒေသများသို့ရွှေ့ပြောင်း ခရီးသွားလာခြင်းနှင့် မိုင်းရှိသည့်နေရာများတွင် ဝမ်းစာရှာဖွေခြင်းတို့ကြောင့် အများဆုံးဖြစ်ကြောင်း ရှင်းပြသည်။
၎င်းတို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာများအတွင်း တပ်စွဲနေထိုင်ရာမှထွက်ခွာပြီး နောက် ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးရသည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေများမှ အရပ်သားများလည်း ပါဝင်နေကြောင်း အစီရင်ခံစာနှင့် ဒေသခံများ၏ပြောပြချက်အရ သိရှိရသည်။
အထက်ပါအချက်နှင့်ပတ်သက်၍ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့တာဝန်ရှိသူက “သူတို့ ဘာလို့ဒီမိုင်းတွေကို ထောင်ခဲ့သလဲပေါ့နော်။ အဲဒီရွာတွေမှာ တိုက်ပွဲတွေဖြစ်သွားလို့ တခြားတပ်ဖွဲ့တွေကလာမယ်ဆိုတာမျိုး ထောင်ခဲ့ တာလားဆိုတာ ကျနော်တို့ သေချာမလေ့လာနိုင်သေးပါဘူး။ ပုံမှန်အားဖြင့်ကတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ နေရာမျိုးမှာပဲ မိုင်းတွေကိုသုံးတာပါ။ တိုက်ပွဲပြီးပြီဆိုပြီးတော့ ပြည်သူတွေ ကိုယ့်အိမ်ကိုယ့်ရွာ ပြန်ကြတဲ့အချိန်မှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါက ကရင်ထက်ကယားပြည်နယ်မှာပိုများတယ်။ နောက်အနာဂတ်မှာလည်း ဒီလိုဖြစ်စဉ်တွေရှိမှာ ကျနော်တို့စိုးရိမ်မိပါတယ်။” ဟု သတင်းစာရှင်းလင်းပွဲတွင် ကေအိုင်စီ၏မေးမြန်းချက်ကို ဖြေကြားထားသည်။
မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့အနေဖြင့်လည်း နိုင်ငံအများစုတွင် မိုင်းအသုံးပြုမှုတားမြစ်ရေး လုပ် ဆောင်ချက်များပြုလုပ်ဆောင်ရွက်နေသော်လည်း တိုက်တွန်းရုံသာတတ်နိုင်ပြီး အမှန်တကယ် လိုက်ပါဆောင်ရွက်နိုင်မှုက သက်ဆိုင်ရာအဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ကြောင်း ဆက်လက်ပြောဆိုသွားသည်။
မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့သည် (၁၉၉၇)ခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆုရ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာလှုပ်ရှားမှု၏ လူထုလှုပ်ရှားမှုတစ်ခုဖြစ်ပြီး (၁၉၉၉)ခုနှစ်နှင့် (၂၀၀၀) ခုနှစ်များမှစ၍ မြေမြှုပ်မိုင်း အပါအဝင် ထပ်ဆင့်ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ ပြဿနာနှင့်အဖြေကို အစီရင်ခံစာများ ထုတ်ပြန်လာကြခြင်းဖြစ်သည်။
၎င်းတို့မှတ်တမ်းတင် အစီရင်ခံလာသည့် (၂၀၀၀)ခုနှစ်မှ (၂၀၂၂)ခုနှစ် ဒီဇင်ဘာလအထိ မိုင်းနှင့်ပေါက်ကွဲ စစ်လက်နက်အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံတွင် စုစုပေါင်း (၆,၁၇၄)ဦး ထိခိုက်သေဆုံးခဲ့သည်ဟုလည်း ထိုအစီရင်ခံစာအရ သိရသည်။



















