Home သတင်း စစ်ကောင်စီစစ်ရေယာဉ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးဖမ်းလှေများ မထွက်နိုင်

စစ်ကောင်စီစစ်ရေယာဉ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးဖမ်းလှေများ မထွက်နိုင်

753
Photo: CJ

ဒီဇင်ဘာလ၁၄ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ကြက်စားပြင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင်စီ စစ်ရေယာဉ်များမှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သော ကြောင့် ဒေသခံ ငါးဖမ်းလှေများမထွက်နိုင်ကြကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင် အများဆုံး လာရောက်ငှားရမ်းနေထိုင်ကြသည့် ကြက်စား ပြင်ရပ်ကွက်၊ ကာစတန်ဆိပ်ကမ်း အနီးရှိ ထားဝယ်မြစ်ကမ်းတွင် ယခုဒီဇင်ဘာလ ဒုတိယအပတ်မှစတင်ပြီး မကြာခဏဆိုသလို လောင်းလုံး မြို့နယ်ရှိကျေးရွာများဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ငါးဖမ်းစက်လှေများ မထွက်ရဲ သောကြောင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “စစ်သင်္ဘောလှေတွေကတော့ တခါတလေ ရေလယ်နားလောက်မှာဘဲ ရပ်ကြတာများတယ်။ အခုက ဆိပ်ကမ်းမှာကပ်ပြီးတော့ ပြီးခဲ့တဲ့ ၁၂ရက်နေ့က လှေကနေလက်နက်ကြီးလေးလုံးစပစ်တယ် လောင်းလုံးဘက် က ရွာတွေရှိတဲ့ဘက်ကို။ ညဆိုလည်းည စိတ်ကြိုက်ပစ်နေတာ။ အဲ့ဒါကြောင့် ဘယ်သူမှ လှေမထွက်ရဲကြဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ကမ်းစပ်တစ်လျှောက်တွင် လုံခြုံရေး တိုးမြှင့် ချထားပြီး ငါးဖမ်း လှေထွက်သည့် ဒေသခံများထံမှ မတရား ငွေညှစ်တောင်းခံခြင်း နှင့် လှေပေါ်ပါလာသည့် ငါးများကိုပါ အတင်း အဓမ္မသိမ်းယူခြင်းများလည်း ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ငါးဖမ်းစက်လှေသမားများအနေဖြင့် ငါးဖမ်းလှေမထွက် နိုင်သည်မှာ ရက်သတ္တပတ်ကြာမြင့်ပြီးဖြစ်ကာ ရေရှည်တွင် ငါးဖမ်းလှေမထွက်နိုင်ပါက စားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

၎င်းဖြစ်စဉ်နှင့်အလားတူ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၅၈) မှ လက်နက် ကြီးများဖြင့် ယနေ့အချိန်ထိ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်လျက်ရှိနေပြီး ၎င်းတို့၏လက်နက်ကြီး ပစ်ခတ် မှုများကြောင့် အသက် (၄၀) အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး လက်နက် ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များ အရသိ ရသည်။

နောက်ထပ်လောင်းလုံးဒေသခံတစ်ဦးက “ဒီမှာကရွာတွေဘက်ကို လက်နက်ကြီးအမြဲပစ်နေတာဆိုတော့ အိမ်မှာမနေရတဲ့အချိန် က များတယ်။ ဒါပေမဲ့ အခုရက်ပိုင်းက ပိုပြီးကြမ်းလာတယ်။ နွားတွေလည်းသေ။ သူတို့ က ပစ်ချင်သလိုပစ် နေတာ။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် ယခုနှစ်အတွင်း လောင်းလုံးမြို့နယ်အပါအဝင် တနင်္သာရီတိုင်း၏ ကျန်မြို့ နယ်အချို့ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးရာတွင် ရေကြောင်းကို အဓိကထား အသုံးပြု လာကြောင်း ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

အဆိုပါ လောင်းလုံးမြို့နယ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) မှ အခြေချ လှုပ်ရှားနေပြီး နှစ်ဖက်တိုက်ပွဲမရှိသော်လည်း ယခုလို လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံ များက ဆိုသည်။