Home သတင်း လှိုင်းဘွဲ-ထီလုံရွာအနီးရှိ လောင်းကစားဝိုင်းများအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီး

လှိုင်းဘွဲ-ထီလုံရွာအနီးရှိ လောင်းကစားဝိုင်းများအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီး

913

ဒီဇင်ဘာလ(၁၃)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စု၊ ထီလုံရွာအနီးရှိ အာဝါဒေးလောင်းကစားဝိုင်းများအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက ဝင်ရောက် ဖမ်းဆီး ခဲ့သည်ဟု လှိုင်းဘွဲမြို့ခံများက ပြောသည်။

ယခင် လှိုင်းဘွဲမြို့နယ်၊ မြေတိုင်းဦးစီးဌာန၏ ဦးစီးမှူးဟောင်းတစ်ဦးမှ စီးပွားရှာလုပ်ကိုင်နေသော အဆိုပါ လောင်းကစားဝိုင်းများကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ၎င်းကို ဖမ်းမိခြင်းမရှိဘဲ ၎င်း၏ အမျိုး သမီးဖြစ်သူနှင့် လောင်းကစားဝိုင်းလာ‌ရောက် ဆော့ကစားသူအချို့ကိုသာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံ တစ်ဦး က ယခုလိုပြောသည်။

“လှိုင်းဘွဲရဲတပ်ဖွဲ့ကဖမ်းတာတော့မဟုတ်ဘူး။ လှိုင်းဘွဲရဲတွေက သူတို့အချင်းချင်းလက်ဝါးချင်းရိုက်နေကြတာ။ အခုက ပြည်နယ်ရဲတပ်ဖွဲ့က လာဆင်းဖမ်းသွားတာ။ ငါးဂိမ်းဆော့တဲ့လူတွေရော တခြားဝိုင်းကသူတွေရော ပါသွားတယ်။ ပြီးလည်းပြီးရော ဝိုင်းတွေပိတ်ထားတယ်” ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုလောင်းကစားဝိုင်းများအား ယခုနှစ် ဇွန်လဝန်းကျင်လောက်မှစ၍ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ကော့ကရိတ် မြို့အတွင်း နယ်မြေခံတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားချိန်တွင် သက်ဆိုင်ရာ တာဝန် ရှိသူများက ကစားဝိုင်းများ ဆက်မလုပ်ရန် ဝိုင်းစီစဉ်သူကို သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိခဲ့ ကြောင်းသိရသည်။

နောက်ထပ်လှိုင်းဘွဲမြို့ခံတစ်ဦးကလည်း “တာဝန်ရှိတဲ့သူ‌တွေက ဝိုင်းပြောတော့ သူများပိတ်ရင်ပိတ် သူမပိတ်ဘူး ကြိုက်တဲ့နေရာတိုင်ဆိုပြီး ပြောတယ်။ ကော့ကရိတ်နဲ့ဖားအံကသိပ်မဝေးဘူးလေ အရင်လိုမဟုတ်တော့ ဝိုင်းတွေ မလုပ်နဲ့နားထားဆိုပြီး ပြောတာကို သူကမနားဘူး။ ကြိုက်တဲ့လူလာဖမ်း ဂရုမစိုက်ဘူးဆိုပြီးပြောတယ်။ နောက် ပြီး ဗိုလ်ကြာအင်း နာမည်သုံးတယ်လည်း ကြားတယ်။” ဟု ကေအိုင်စီကိုပြောသည်။

ထို့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် တပ်ပိုင်းဆိုင်ရာမှ ဦးစီးလုပ်ကိုင်သော လှိုင်းဘွဲမြို့၊ ဒိုင်းပြကျေးရွာမှ လောင်းကစားဝိုင်းများကို ရွာသစ်ရွာဘက်သို့ ရွှေ့ပြောင်းလိုက်ပြီး ထီလုံဝိုင်းများ ဖမ်းဆီးမှုပြုလုပ်သည့်နေ့ကပင် ဝင်ရောက်စစ်ဆေးမှုရှိခဲ့သဖြင့် ပိတ်သိမ်းထားကြောင်း နယ်ခံများကဆိုသည်။

ထို့နောက် ဒီဇင်ဘာလ(၁၂)ရက်နေ့အထိ လှိုင်းဘွဲမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်များက အစစ်အဆေးတင်း ကြပ်ခဲ့သဖြင့် ဒေသခံများ သတိထားသွားလာနေရသည်ဟုလည်း ဒေသခံများကဆိုသည်။

လှိုင်းဘွဲမြို့သည် နယ်ခြားစောင့်တပ်-BGF များနှင့် စစ်ကောင်စီတပ်များ ပူးတွဲအုပ်ချုပ် နယ်မြေအတွင်း ရှိသော် လည်း လက်နက်ကိုင်အချို့ ပါဝင်ပတ်သက်မှုရှိနေသည့် လောင်းကစားဝိုင်းများကြောင့် မြို့တွင်း လုယက်မှုများ များပြားလာသည်ဟု ဒေသခံများက ဆိုကြသည်။