Home သတင်း ဖားအံသို့ သွားရောက်တိမ်းရှောင်သည့် ကော့ကရိတ်စစ်ရှောင်သတင်း စစ်ကောင်စီက ဖုံးဖိထားပြီး အရပ်ဝတ်များဖြင့် စောင့်ကြည့်နေ

ဖားအံသို့ သွားရောက်တိမ်းရှောင်သည့် ကော့ကရိတ်စစ်ရှောင်သတင်း စစ်ကောင်စီက ဖုံးဖိထားပြီး အရပ်ဝတ်များဖြင့် စောင့်ကြည့်နေ

850
Photo: CJ

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များတိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ဖားအံမြို့ဘက်သို့ သွားရောက်တိမ်းရှောင်နေကြသော ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံစစ်ရှောင် များ၏ သတင်းကို စစ်တပ်က ဖုံးဖိထားပြီး စောင့်ကြည့်မှုများလုပ်ဆောင်နေကြောင်း စစ်ရှောင်များက ပြောသည်။

ကော့ကရိတ်မြို့တွင် ဒီဇင်ဘာလ ၁ ရက်မှ ယနေ့ ၈ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ကော့ကရိတ်ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရှောင်တိမ်းနေရာတွင် ဖားအံမြို့ဘက် ရွှေ့ပြောင်းစစ်ရှောင်လာသူများ ကျောက်ကလပ်စေတီဝင်းအတွင်း လာရောက်ခိုလှုံ နေသည့် အခြေအနေအား စစ်ကောင်စီက သတင်းဖုံးထားပြီး အရပ်သားအသွင်ဖြင့် စောင့်ကြည့်မှုများ ရှိနေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

၎င်းက “ကော့ကရိတ်က ကယ်ထုတ်နေတာ အခုမနက်အထိပေါ့။ သူတို့ သွားလို့တဲ့ နေရာတွေ ပို့ကူပေးနေတာမှာ ကျောက်ကလပ်ဘုရားဓမ္မာရုံမှာ ရှောင်နေသူတွေတစ်ရာကျော်လောက် ရှိတယ်။ အကူအညီပေးသူတော့ မလာရဲကြဘူး။ စစ်တပ်နဲ့ ရဲတို့ သတင်းပေးတို့က အရပ်ဝတ်နဲ့ စောင့်ကြည့် နေတယ်။ အကူအညီပေးတာ စားစရာတချို့လာဝေတာတော့ရှိတယ်။ ဓါတ်ပုံရိုက်တာ၊ စားစရာဝေ တာမျိုး ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘူး ဖြစ်နေတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့ကရိတ်ဒေသခံ စစ်ရှောင်များသည် ထို့ကော်ကိုး၊ နဘူးကျေးရွာများဘက်နှင့် သာမည တောင် ဓမ္မာရုံဘက်၊ အိန္ဒုကျေးရွာဘုန်းကြီးကျောင်းနှင့် မော်လမြိုင်မြို့ဘက်အထိ သွားရောက်ရှောင် တိမ်းနေထိုင်နေကြသည်ဟု ကော့ကရိတ် စစ်ဘေးရှောင် ဒေသခံများပြောစကားအရ သိရသည်။

အဆိုပါ ကျောက်ကလပ်စေတီဝင်းအတွင်း ကျောက်တော်ကြီးဘုရားဆောင်အောက်ထပ်နေရာတွင် နေ ထိုင်နေကြသည့် စစ်ဘေးရှောင်များမှာ ဘုရားဝင်းက စတုဒိသာကျွေးမွေးမှုကို စားသောက်ပြီး လာ ရောက်ကူညီလှူဒါန်းသူအချို့ပေးဝေသည့် စားစရာဖြင့် ယာယီနေထိုင်နေကြကြောင်း ဆက်ပြီး လာရောက်စစ်ရှောင်နေသူများ ထပ်ရောက်လာနေဆဲ ဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည် ။

Photo: CJ

“အခုမနက်လည်း မြို့ဘက်မှာ တိုက်ပွဲ ဖြစ်နေတုန်းပဲ၊ လျှပ်စစ်ရုံးအလုံးကြီးကျပြီး မီးလောင်တယ်၊ စစ်တပ်က လက်နက်ကြီး ရပ်ကွက်တွေထဲ ပစ်ထည့်နေတယ်။ မြေပြင်မှာတော့ PDF တွေ KNU တွေ နဲ့ သူပစ်ကိုယ်ပစ် ပစ်တာမရှိဘူး။ အလုံးကြီးပဲ ပစ်ပစ်ထုတ်နေတော့ အိမ်တွေတော့ ပျက်တာ တော်တော် များတယ် ”ဟု မြို့တွင်း ကျန်ရှိနေသူများက ယနေ့ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပြောပြသည်။

ယခု ၈ ရက်အကြာ တိုက်ပွဲဖြစ်စဉ်အတွင်း ကော့နွဲကျေးရွာ စစ်တပ်စစ်ကတုတ်၊ အမှတ် ၃ စစ်ဆေးရေး ဂိတ်၊ လှိုင်ဝတံတား အဖွဲ့စုံဂိတ်၊ မြို့တော်ဦးစစ်ကတုတ်များအား KNLA နှင့် PDF မဟာမိတ် တပ်ဘက်မှ စိုးမိုးသိမ်းပိုက်ထားကြောင်း သိရပြီး မြို့တွင်း KBZ ဘဏ်၊ တယ်လီနောဖုန်းကုမ္ပဏီ ရုံးများ သိမ်းပိုက်ထား ကြောင်း သတင်းကြားသိရသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိ ကော့ကရိတ်မြို့တွင်းမြို့ပြင် နေရာ ၄ နေရာခန့်တွင် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသလို စစ်တပ် စစ်စခန်း၊ စစ်ကတုတ်၊ နေရာများ နှင့် စစ်ဆိုင်ထားသည့် အခြေအနေဆက်ရှိနေကြောင်း စစ်ရေး နယ်မြေ သတင်း အရင်းအမြစ်က ပြောစကားအရ သိရသည်။