Home သတင်း လောင်စာဆီ ပြတ်လပ်မှုကြောင့် ဧရာဝတီတိုင်းလယ်စိုက်တောင်သူအချို့ အခက်အခဲဖြစ်နေ

လောင်စာဆီ ပြတ်လပ်မှုကြောင့် ဧရာဝတီတိုင်းလယ်စိုက်တောင်သူအချို့ အခက်အခဲဖြစ်နေ

261

ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

လတ်တလောကြုံနေရသည့် လောင်စာဆီပြတ်လပ်မှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးမြို့နယ် အချို့ရှိ လယ်ယာကိုင်းလုပ်ကိုင်သူများအနေဖြင့် ရေသွင်းရေထုတ်မပြုလုပ်နိုင်ကြသောကြောင့် စိုက်ပျိုး ရေးတွင် အခက်အခဲများရှိလာကြောင်း လယ်ယာနှင့် ကိုင်းစိုက်တောင်သူများက ပြောသည်။

ရာသီဥတုပူပြင်းခြောက်သွေ့မှု မြင့်မားလာ၍ မိုးအကုန်ရေကျစိုက်ပျိုးရသည့် ဆောင်းစပါးများအပါအဝင် ငရုပ်၊ ပဲ၊ ပြောင်းဖူးနှင့် အခြားစိုက်ပျိုးပင်များ စိုက်ပျိုးရာ မြေကွက်များ ခြောက်ကပ်နေသောကြောင့် ရေသွင်းစိုက်ပျိုးကြရပြီး လောင်စာဆီ ပြတ်လပ်သည့်အတွက် စိုက်ပျိုးချိန်နှောင့်နှေးမှု နှင့် စိုက်ပျိုးပင်တချို့ သေဆုံးသွား နိုင်သည့် အခက်အခဲများကြုံတွေ့နေရကြောင်း ပန်းတနော်မြို့နယ် အတွင်းရှိ ငရုပ်နှင့် စပါးစိုက်တောင်သူတစ်ဦးက ယခုလိုပြောသည်။

“အချို့က ဆီကို ပေပါလိုက်ဝယ်ထားရင်တော့ ဒုက္ခမရောက်သေးဘူးပေါ့။ ဒါပေမဲ့ မဝယ်ထားနိုင် တဲ့သူ တွေကျတော့ ဒုက္ခရောက်ကြတယ်။ ဘာဖြစ်လဲဆိုတော့ အခုက မိုးရွာမှာကြောက်လို့ မလုပ်ပဲ စောင့် နေတာ မြေကြီးတွေက နေတအားပူတော့ခြောက်ကပ်ကုန်ရော။ အဲ့ဒါကို ရေပြန်တင်ပြီးမှ စိုက်ကြ ရမှာဆိုတော့ ဆီမရှိရင် ရေတင်လို့မှ မရတာ။ တချို့လူတွေတော့ ဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လတ်တလောတွင် ဆီများမှာ မကြာခဏ ပြတ်တောက်နေသေးသာရှိပြီး နောက်ပိုင်းလုံးဝပြတ် တောက်သွား၍ စိုက်ပျိုးထားသည့် အပင်များ ရေမရရှိနိုင်ပါက ခြောက်ကပ်သေဆုံးသွားနိုင်သောကြောင့် လယ်ယာကိုင်းလုပ်ကိုင်သူများအနေဖြင့် ဒုက္ခရောက်မည်ကို စိုးရိမ်ရကြောင်းလည်း အဆိုပါ တောင်သူက ဆက်ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသအတွင်းရှိ မြို့နယ်အလိုက် ကျေးရွာဒေသများတွင် ဒေသမြေ နေရာ အပေါ် မူတည်၍ ဆောင်းစပါး စိုက်ပျိုးရိတ်သိမ်းရမည့် ကာလရောက်ရှိလာပြီးဖြစ်သလို ပဲ၊ ပြောင်းဖူး၊ ငရုပ် အဓိက စိုက်ပျိုးသည့် မြို့နယ်များတွင်လည်း စတင်စိုက်ပျိုးနေကြပြီးဖြစ်သည်။

ထို့ကြောင့် လောင်စာဆီကို အကန့်အသတ်ဖြင့်သာ ဝယ်နေရသည့်အတွက် အခက်အခဲတွေ့ နေရကြောင်း ညောင်တုန်းမြို့နယ် ဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းက“ ဓါတ်ဆီ နှစ်ထောင်ဖိုးပဲရတယ်။ ဆီဝယ်မရရင် စိုက်ပျိုးရေးအတွက် ရေတင်ဖို့ အခက်အခဲဖြစ် တယ်။ အခုထိတော့ လုံးဝပြတ်တောက်သွားတာမျိုးမရှိသေးဘူး ”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံများ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ် အစရှိသည့် တစ်နိုင်ငံ လုံးနီးပါး အတိုင်းအတာဖြင့် ဆီပြတ်လပ်မှုများကြောင့် ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချ နေကြရသောကြောင့် လောင်စာဆီရရှိနိုင်ရေးအတွက် တန်းစီစောင့်ဆိုင်းဝယ်ယူရသည့် အခြေအနေတွင် ရှိနေသည်။

အလားတူ ကန်ကြီးထောင့် ဒေသခံတစ်ဦးက “အခက်အခဲက အမျိုးမျိုးပါပဲ။ တစ်ပုံးကို ခြောက် သောင်း အထိ တက်နေတာတောင် ဝယ်မရဘူးဖြစ်နေတယ်။ စပါးတွေကလည်း ကြေလို့ စျေးမရတာနဲ့ လယ်သမားတွေရဲ့ အခက်အခဲကတော့ ပြောမကုန်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

တိုင်းပြည်အတွင်း လောင်စာဆီအလုံအလောက်ရှိနေသေးကြောင်း အာဏာသိမ်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းမီဒီယာများမှတဆင့် ပြောဆိုထားမှုရှိသည်။