အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကချင်ပြည်နယ်၊ မုံလိုင်ခက် ကချင်စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ် ၁၃ဦး အပါ အဝင် ဒေသခံပြည်သူ ၃၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိခဲ့သော ဖြစ်စဉ် အား ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆုတောင်းခြင်းအခမ်းအနားကို ယနေ့ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို နယ်စပ်ဒေသရောက် မြန်မာနိုင်ငံရေးတက်ကြွ လှုပ်ရှား သူများ၊ ရွှေဝါရောင် သံဃာကွန်ယက် ဆရာတော်များ၊ ခရစ်ယာန်အသင်းတော်မှ ဆရာတော်များ၊ အစ္စလမ်ဘာသာရေး ဆရာများနှင့် စစ်ဘေးရှာင်အရေး ကူညီ ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြပြီး အွန်လိုင်းမှလည်း နိုင်ငံတကာရောက် မြန်မာနိုင်ငံရေး တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်နိုင်ရန် ဖျက်အားပြင်း လက် နက်များ ရောင်းချထောက်ပံ့ပေးနေသော အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှားနှင့် စင်ကာ ပူနိုင်ငံများအား ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်လက်မှတ်ကောက်ခံသည့် အစီအ စဉ်လည်း အခမ်းအနားတွင် လုပ်ဆောင်သွားမည်ဟု သိရှိရသည်။



















