Home သတင်း ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဇော်နိုင်လင်း ပစ်သတ်ခံရ

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဇော်နိုင်လင်း ပစ်သတ်ခံရ

757
Photo: Crd.

အောက်တိုဘာလ ၁၈ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း တံငါလုပ်ငန်းများနှင့် ငါးဖမ်းလှေများတွင် အခွန်ကောက်ခံနေသည့် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဇော်နိုင်လင်းဆိုသူကို ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဇော်နိုင်လင်းသည် ရန်မျိုးအောင်ရပ်ကွက် ဖူးကော်ဖီဆိုင်တွင် ပစ်သတ်ရှင်းလင်းခံခဲ့ရခြင်းဖြစ်ပြီး ရေးမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ငါးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသည်ကို သဘောမကျခြင်း၊ လုပ်ကိုင်နေသည့် တံငါလုပ်သားများအပေါ် မတရားစည်းကမ်းချက်များနှင့် ဥပဒေများကို ချမှတ် ပြုလုပ် နေသည့် အတွက်ကြောင့် ယခုလို သွားရောက်ပစ်သတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးခေါင်းဆောင်းက ယခုလိုပြောသည်။

“အခုစစ်အာဏာသိမ်းထားတဲ့အပေါ်မှာ မူတည်ပြီးတော့စစ်ကောင်စီရဲ့ ယန္တရားဝန်ထမ်းအဖြစ် ပြန်လည်တာဝန် ထမ်းဆောင်နေတာကို သဘောမကျဘူး။ ဒီလိုကာလမျိုးမှာလည်း ပြည်သူအပေါ် မတရားဘူး။ ရေလုပ်ငန်း လုပ်နေတဲ့ အပေါ်မှာလည်း မတရားစည်းကမ်းချက်တွေထုတ် ဥပဒေတွေထုတ်ပြီး နိုင်ထက်စီးနင်းလုပ် သြဇာတွေပြနေတာကိုလည်း သဘောမကျဘူး။ အဲ့ဒါကြောင့် ရှင်းလင်းရခြင်းဖြစ်တယ်” ဟု ရေးဘီလူးခေါင်းဆောင်က ကေအိုင်စီသို့ ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဇော်နိုင်လင်း ပစ်ခတ်ရှင်းလင်းခံရပြီးသည့်နောက် စစ်ကောင်စီတပ်ဘက်မှ ရေးမြို့အဝင်အထွက်အားလုံးကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

၎င်းပစ်သတ်ရှင်းလင်းခံရမှုနှင့်ပတ်သက်ပြီး Mission လုပ်ဆောင်ခဲ့သည့်ရေးဘီလူးအဖွဲ့အနေဖြင့် လူမှုစာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးကြောင်း တွေ့ ရသည်။

Photo: Crd.

ရေးမြို့နယ်နှင့်နီးစပ်သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်၏ ဌာနဆိုင်ရာရုံး၊ စခန်းကုန်းနှင့် သတင်းပေးများသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းနှင့်ဒရုန်းဖြင့် ဗုံးကြဲချမှုများကို မကြာခဏ ကြုံတွေ့ နေရလျက်ရှိသည်ဟု သိရသည်။

ရေးမြို့နယ်အတွင်းရှိ သိမ်ဇရမ်စသည့်ကားလမ်းမကြီးပေါ်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အသွား အလာယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက် ထိုတော်လှန်ရေးအင်အားစု-KRF၊ ဘီးလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ် ကာကွယ် ရေးအ ထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGFနှင့် သထုံခရိုင်အလုပ်အဖွဲ့-ABSDF စသည့် တော်လှန်ရေးအင် အားစုများက ပူးပေါင်းစစ်ဆင်းရေးများ လှုပ်ရှားလျက်ရှိသည်။

အလားတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အခြေစိုက်စစ်စခန်းကုန်းများနှင့် စစ်ကောင်စီတပ်၏ ထောက်ပို့ တပ်ကူ ယာဉ်များကို KNLA ပူးပေါင်းတပ်ဖွဲ့ များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက် နေခြင်းကြောင့် စစ်ကောင်စီတပ်များသည် ကုန်းလမ်းကိုအသုံးပြုမှုနည်းပါးလာပြီး ရေလမ်းကြောင်းမှတစ်ဆင့်ရိက္ခာ စစ်လက်နက် ပစ္စည်း များကို ဖြည့်တင်းနေကြောင်း သက်ဆိုင်ရာနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။