Home သတင်း ကော့ကရိတ်မြို့တွင် လက်နက်ကြီးကျ၍ ကျောင်းသူတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကော့ကရိတ်မြို့တွင် လက်နက်ကြီးကျ၍ ကျောင်းသူတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

1337

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က(၃) စာသင်ကျောင်းရှေ့တွင် ယနေ့နေ့ လည် ၁၂ နာရီ‌ဝန်းကျင်က စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကျောင်း သူ တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ စစ်‌ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျည်သည် အလက(၃)စာသင်ကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းသူ(၄)ဦးထိမှန်ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးကာ နှစ်ဦးမှာ ပြင်ထန်းစွာဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အလက(၃)ကျောင်းရှေ့မှာစာ‌မေးပွဲဖြေပြီး ကျောင်းဆင်းချိန် လက်နက်ကြီးကျလို့ ကျောင်းသူ (၄)ဦး ထိတာ တစ်ဦးက သေဆုံးတယ်။ အသဲသန်က နှစ်ဦး၊ ကျန်တဲ့တစ်ဦးက မစိုးရိမ်ရဘူး”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။

သေဆုံးသွားသည့်ကျောင်းသူမှာ ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ နော်မိုးမိုး‌အေးဖြစ်ပြီး ဒဏ်ရာ ပြင်းထန်သူနှစ်ဦးမှာ ၁၆ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ‌ နော်စုရင်‌အေး၊ ပထမတန်းကျောင်းသူ ၆ နှစ်အရွယ်နော်ဝေဝေနှင်းနှင့် ဒဏ်ရာအနည်းငယ်ရရှိသူမှာ အသက် ၁၂ နှစ်အရွယ် စတုတ္ထ တန်းကျောင်းသူ နော်ခူခူဖောတို့ဖြစ်သည်ဟု သိရှိရသည်။

ဒဏ်ရာပြင်းထန်သည့် ကျောင်းသူ နှစ်ဦးကို ဖားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်၏ ယခုလို အရပ်သား၊ စာသင်ကျောင်းမရှောင်လက်နက်ကြီးများ ရမ်းသမ်းဖြစ်ပစ်ခတ်မှု လုပ်ဆောင် သည့်အပေါ် စိတ်ပျက်စိုးရိမ်လျက်ရှိကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များဆင်းလာသည်ဟုဆိုကာ ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း -ခလရ(၉၇)နှင့် လှိုင်ဝအမြှောက်ကုန်းတို့မှ လက်နက်ကြီး များအဆက်မပြတ် ပစ်ခတ်သည့်အတွက် ယခုလို မြို့တွင်းကျရောက် ပေါက်ကွဲပြီး ကျောင်းသူလေးများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံကဆက်ပြောသည်။

၎င်းဒေသခံက “တော်လှန်ရေးတပ်ဖွဲ့တွေမဆင်းလာဘူး။ သူတို့(စစ်ကောင်စီ)က မြို့ထဲဝင်လာတယ် သတင်းကြားလို့ဆိုပြီး (၉၇)တပ်ကနေကော၊ လှိုင်ဝကနေကော လက်နက်ကြီးတွေပစ်တယ်။ မြို့ထဲမှာလည်းကျတယ်။ မြို့အနီးရွာတွေမှာ လည်းကျတယ်”ဟု ပြောသည်။

ထိုလက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကျောင်းသူများထိခိုက်သေဆုံးသည့်ဖြစ်စဉ်မှာ KKO ခွဲထွက် အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအမည်ခံ (PDF) တပ်ဖွဲ့တို့က ဒရုန်းဗုံးဖြင့်ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် ထောက်ခံသည့် တယ်လီဂရမ်လူမှုကွန်ရက်ချန်နယ်များတွင် ရေးသားဖော်ပြကြသည်ကို တွေ့ရှိရသည်။

သို့သော် ကော့ကရိတ်ဒေသခံပြည်သူများကမူ လှိုင်ဝအမြှောက်ကုန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း သာဖြစ်ကြောင်း ပြောဆိုကြသည်။