အောက်တိုဘာ ၁၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ အောက်ပိုင်ကျုံနှင့် ဒေါ်လန်းကျေးရွာများတွင် ပုဇွန်ဝယ်ယူမှုကို စျေးနှိမ်ဝယ်ယူမှုများကြောင့် ပုဇွန်ဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူများမှာ ဝင်ငွေအဆင် မပြေကြဘဲစားဝတ်နေရေး ကြပ်တည်းလာကြကြောင်း ပုဇွန်ဖမ်း ရေလုပ်သားများ၏ ပြောပြချက်များအရ သိရသည်။
၎င်းမြို့နယ်ရှိ ပုဇွန်အဝယ်ဒိုင်ကြီးများသည် ဒေသထွက်ပုဇွန်များကို ဈေးနိမ်ဝယ်ယူမှုများကြောင့် ပုံမှန်စျေးထက် လျော့နည်းသဖြင့် ပုဇွန်ဖမ်းရေလုပ်သားများမှာ အလုပ်အကိုင်ရေရှည်ရပ်တည်ရေးနှင့် စားဝတ်နေရေးအဆင်မပြေဖြစ်လာကြောင်း ရေလုပ်သားတစ်ဦးက ယခုလိုပြောသည်။
“ပုဇွန်ပေါလို့ဈေး ကစားခံရတာဆိုရင်တစ်မျိုးပေါ့။ အခုက ဈေးမငြိမ်လို့ဆိုပြီး အကုန်လျှော့ပစ်တာ တချို့ အများကြီးရတဲ့သူဆိုရင် ရောင်းရတယ်။ ကိုယ့်ဆီမှာထားဖို့ကလည်း ရေခဲမှမရှိတာ ပုပ်ကုန်မှာ ကြောက်တာနဲ့ ရတဲ့ဈေးနဲ့ရောင်းရတာ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ယခုလက်ရှိတွင် ဖောက်သည်ဈေးအနေဖြင့် ပုဇွန်တစ်ပိဿာကို (အကြီးဆုံးဆိုဒ်) (၃၀,၀၀၀) ကျော် အထိပေါက် ဈေးရှိနေသော်လည်း အဝယ်ဒိုင်များက ကျပ် (၂၀,၀၀၀)ကျော်ခန့်သာ ပေးဝယ် နေခြင်းဖြစ်ကြောင်း ရေလုပ်သားများက ဆိုသည်။
စစ်အာဏာသိမ်းမှု မတိုင်ခင်က ထိုဒေသများတွင် ကာလပေါက်ဈေးအတိုင်းရရှိကြပြီး အဆင် ပြေခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့် တက်လာခြင်း၊ စက်သုံးဆီဈေး မြင့်တက်ခြင်းနှင့် အဝယ်ဒိုင်များက ဈေးကို လိုသလို ဈေးကစား ဝယ်ယူနေကြသောကြောင့် ရေလုပ်သားများအနေဖြင့် စားဝတ်နေရေးကြပ်တည်းလာရခြင်းဖြစ်သည်ဟု ဒေသခံရေလုပ်သားတစ်ဦးက ပြေညသည်။

အဆိုပါ အောက်ပိုင်ကျုံချောင်းဘေးနားနှင့်ဒေါ်လန်းဒေသခံအများစုသည် ငါး၊ ပုဇွန်ဖမ်းခြင်းတစ်ခုကိုသာ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေကြပြီး ယခုလို ဈေးများမတည်ငြိမ်မှုများကြောင့် ရေရှည်ရပ်တည်ရေးအတွက် စိန်ခေါ်ချက်များရှိလာနိုင်ကြောင်း ရေလုပ်ငန်းကို ၅ နှစ်ကြာ လုပ်ကိုင်လာခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက“တချို့ရက်တွေဆို ရတာနည်းတယ်။ နည်းတော့ရောင်းမနေတော့ဘူး။ ကိုယ်တိုင် ပဲချက် စားလိုက်တယ်။ ပေးတဲ့ဈေးနဲ့ လုပ်ရတာတွေမတန်ဘူး။ စက်ဆီဈေးကလည်း ပြန်မကျသေးဘူးလေ”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းဒေသမှ ဒေသခံအများစုသည် ခေတ်အဆက်ဆက်မှ လှိုင်းဘွဲမြစ်ကို အားပြုအားထားပြီး ငါး၊ ပုဇွန် ဖမ်းသည့် ရေလုပ်သားအလုပ်ကိုသာ အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသူများဖြစ်ကြ၍ ထိုမြစ်တွင် ပုဇွန်၊ ငါးရံ့ နှင့် ငါးမျိုးများကို ရာသီအလိုက် ရှာဖွေ၍ အသက်မွေးဝမ်းကျောင်းကြခြင်းဖြစ်သည်။



















