Home သတင်း လောင်းလုံးတွင် ညဘက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်မှုဖြင့် သွားလာနေရ

လောင်းလုံးတွင် ညဘက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်မှုဖြင့် သွားလာနေရ

717
Photo: CJ

အောက်တိုဘာလ ၁၃ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ယခုလအတွင်း စစ်ကောင်စီတပ်က ညဘက် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းကြောင့် စိုးရိမ်ကြောက်လန့်မှုဖြင့် သွားလာလှုပ်ရှားနေကြရကြောင်း ဒေသခံများ ပြောစကားအရ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ သဲပုံတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခု အောက်တိုဘာလ ပထမအပတ်မှစတင်ပြီး ညဘက်အချိန်တွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြု လုပ်လာခြင်းကြောင့် သွားလာရာတွင် ဆိုင်ကယ်မီးပိတ်ရသည်အထိ သွားလာနေရကြောင်း ဒေသခံများပြောစကားအရ သိရသည်။

ဒေသခံတစ်ဦးက “သူတို့က ဘာမြင်မြင်လိုက်ပစ်တယ်။ မဖြစ်မနေညဘက် အပြင်ထွက်ရမယ်ဆိုရင်တောင် ဆိုင်ကယ်မီးပိတ်ပြီး သွားရတဲ့အထိဖြစ်နေပြီး။ စားသောက်ဖို့အတွက် သွားရလာရတာတောင် အဆင်မ ပြေတော့ ဘူး။ ပြီးခဲ့တဲ့ရက်ကလည်း မင်းရပ်ရွာက ရိပ်သာထဲကို လက်နက်ကြီးကျတယ်။ နောက်ပြီးတော့ တပ်စွဲထားတဲ့ တောင်ပတ်ပတ်လည်ကိုလည်း တိုက်ပွဲမရှိဘဲ လိုက်ပစ်ချနေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က ညဘက်အချိန် အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုများကို လုပ်ဆောင်နေသည့်အတွက် ဒေသခံများအနေဖြင့်လည်း ၎င်းတို့နေထိုင်ရာ နေအိမ်ပေါ်သို့ လက်နက်ကြီးအချိန်မရွေးကျရောက်လာမည် ကိုစိုးရိမ်သောကြောင့် အခြားမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်မှုများလည်းရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရင်ကလည်းရှိတယ်ပေါ့။ နေရာရွှေ့ပြောင်းနေထိုင်ရတာက။ အခုလကတော်တော်လေးဆိုးလာတယ်။ မဲမဲမြင်ရာလိုက်ပစ်တယ်။ ရွာလုံးကျွတ် စစ်ရှောင်နေရတာတွေရှိတယ်။ အဲ့တာကြောင့် ထားဝယ်တို့၊ တခြားမြို့တွေမှာ လိုက်နေကြရတယ်။ မြို့တွေမှာဆို တိုက်ပွဲက ငြိမ်တယ်လေး။ ရွာတွေဘက်ပဲ အထိများတာ။”ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းကလည်း တနင်္သာရီမြို့နယ် ဗောဓိကမ်းတံတားတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ဗောဓိကမ်းနှင့် လယ်တောင် ယာရွာ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိပုလောနှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင် သောကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုများရှိနေကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်များ အရ သိရသည်။