Home သတင်း ကျုံဒိုးစစ်တပ် ခလရ ၅၄၆ တပ်က ခြံစည်းရိုးကာရန် လူနေအိမ်ရာများ ဖယ်ရှားရွှေ့ပြောင်းခိုင်းနေ

ကျုံဒိုးစစ်တပ် ခလရ ၅၄၆ တပ်က ခြံစည်းရိုးကာရန် လူနေအိမ်ရာများ ဖယ်ရှားရွှေ့ပြောင်းခိုင်းနေ

1215
Photo: Crd.

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းရှိ ခြေလျင်တပ်ရင်း-ခလရ (၅၄၆)က ကျွန်းကလေးရွာ၊ ကျုံဒိုးကမ်းနား ပိုင်းအထိနေအိမ်များအား ဖယ်ရှားပြီးတပ်ခြံစည်းရိုးသစ်ခတ်ရန် ဖယ်ရှားခိုင်းသည့်အတွက် လူနေအိမ် အ လုံး ၃၀ ကျော် ရွှေ့ပြောင်းပေးရမည်ဟု ဒေသခံများပြောစကားအရ သိရသည်။

အဆိုပါ ဖယ်ရှားပေးရမည့် နေရာသည် ယခင်က ဒေသခံများ နှစ်ရှည်နေထိုင်နေသည့် ကျွန်းကလေး ကျေးရွာနယ်‌မြေ၊ ကျုံဒိုးမြို့ဧရိယာနယ်မြေများ၊ စစ်တပ်ကမြေသိမ်းပြီး လယ်သမားများကို မြေငှားချစား ထားသည့် မြေများပါဝင်ကြောင်း ကျုံဒိုးဒေသခံက ယခုလို ပြောသည်။

“သူတို့စစ်တပ်တွေကို ခဏခဏ လာတိုက်ခံရတယ်ဆိုပြီး စစ်တပ်ခြံစည်းရိုးခတ်မယ်။ ပြန်ဖယ်ရမယ် ဖျက်ရမယ်။ ရွှေ့ပေးရမယ် အမိန့်ထုတ်လာတယ်။ လကုန်လို့မှ မဖယ်ရင်မြေထိုးစက်နဲ့ ဖျက်ခြေမယ်။ အဲ့ဒီကားဖိုးပါပေးရမယ်လို့ ပြောနေတော့ ဘယ်သွား နေရမလဲမသိဘူး။ အိမ် ၃၀ ဆယ်ကျော် လောက် နဲ့ လယ်ကွက် စိုက်ကွက်တွေ ဖယ်ပေးရမယ့်သဘောအဖြစ်ကြုံနေတယ်”ဟု ကျုံဒိုးကမ်းနားတန်း ၈ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကျုံဒိုးဒေသအတွင်း ကျုံဒိုးမြို့အဝင် ကျွန်းကလေးကျေးရွာအနီးနေရာတွင် ခလရ ၅၄၆ စစ်တပ်ရှိပြီး မြို့ အထွက် ဂျိုင်းတံတားလမ်းပိုင်းတွင် ခလရ ၅၄၅ တပ်ရင်းနှစ်ခုနှင့် မြို့လယ်လမ်းမတွင် ကျုံဒိုးရဲစခန်းနှင့် ကျုံဒိုးအုပ်ချုပ်ရေးရုံးများရှိနေသည့်နေရာများအား ယခုနှစ်အတွင်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်- KNLA ပူးပေါင်းတပ်များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်ခြင်းများ မကြာခဏ တိုက်ခိုက်ခံနေရကြောင်း ကျုံဒိုးဒေသခံများက ပြောသည်။

Photo: Crd.

ကျုံဒိုးချောင်းဖျား ဒေသခံတစ်ဦးက“ကျုံဒိုးကစစ်တပ်နဲ့ ရဲစခန်း၊ BGF မောင်ဝင်းအောင်ရဲ့ ဂိတ်ကင်း စခန်းရှိတယ်။ အဲ့တာပြီးတော့ KNLA /PC ဂိတ်စခန်း၊ ဂျိုင်းတံတား စစ်ကင်းစခန်း၊ ဂျိုင်းမြစ်ရေ တပ်သင်္ဘော ရှိမယ်။ အဲ့တာတွေက ကျုံဒိုးမြို့ပတ်ခြာလည်ကို လုံခြုံရေးယူထားတာ ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက လာလာတိုက်တော့ တိုက်ပွဲဖြစ်တယ်။ ရပ်ကွက်တွေ၊ ရွာတွေထဲ ကျည် ကျတော့ မီးလောင်တယ်၊ အိမ်ပျက်တယ်၊ လူတွေထိတယ်၊ အခုထိစစ်တပ်တွေ သူတို့ ဂိတ်တွေနား လူမကပ်အောင်ခြောက်ပစ်တာကတော့ ညတိုင်းရှိတယ်လ”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအား စစ်တပ်နှစ်ခုမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သည့် အတွက် ကော့ဝါလဲ၊ ကမ်းမရိုက်၊ ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တောကျေးရွာများဘက်ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံနေအိမ်၊ လယ်ယာခြံမြေနှင့် လူထိခိုက်သေဆုံးမှုများရှိနေကြောင်း KNU သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

လတ်တလော စစ်ကောင်စီတပ်က ဒေသခံနေအိမ်များရွှေ့ပြောင်းခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် စစ်ကောင်စီ အုပ်ချုပ်ရေးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပေ။

လက်ရှိတွင် မြဝတီ၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကြာအင်ဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဝေါလေ၊ ဒေသများဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက်ပြောက်ကျား ပစ်ခတ်တိုက် ခိုက်မှုများ ဆက်ရှိနေပြီး ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ၊ သံပုရာကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွား နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။