အောက်တိုဘာလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ဈေးသည်များမှာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ လစဉ် အခွန်ကြေး မြင့်မားစွာ ပေးဆောင်နေရသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံနေရသည်ဟု မြို့ခံများက ပြောဆိုနေကြသည်။
၎င်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ ဇမိရတနာမြို့မဈေးမှ ဈေးဆိုင်ခန်းများအား ပထမတန်းနှင့် ဒုတိယတန်းခွဲ၍ တစ်ခန်းလျှင် ၁,၀၀ဝကျပ်မှ ၃,၀၀ဝကျပ်အထိ သတ်မှတ်ကာ လစဉ် ကြေးပေးဆောင်ရသောကြောင့် ယခုလို စားဝတ်နေရေး ခက်ခဲနေရခြင်းဖြစ်သည်ဟု ဈေးသည်တစ်ဦးက ပြောသည်။
၎င်းဈေးသည်က “သူတို့ကောက်တဲ့ ဒီနှုန်းထားတွေက မြင့်တာပေါ့နော်။ စီးပွားရေးကပ်ဆိုက်တဲ့အခါကျတော့ အရောင်းအဝယ် တွေ ပါးတယ်လေ။ ပေးရတဲ့အခွန်နဲ့ အဆင်မပြေဖြစ်နေတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဈေးသန့်ရှင်းရေးအခွန်အတွက် ဈေးအတွင်းရှိ ပျံကျဈေးသည်များထံမှလည်း တစ်ဦးလျှင် ၂ဝမှ ၅ဝကျပ်နှုန်း ကောက်ခံလျှက်ရှိရာ တစ်ရက်လျှင် ကျပ်ငါးထောင်မှ တစ်သောင်းအထိ ရရှိခဲ့ပြီး ၎င်းတို့သတ်မှတ်နှုန်းဖြင့် မပေးသည့် ဈေးသည်များကို ဈေးရောင်းခွင့်မပြုဘဲ မောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများလည်း ရှိသည်။
၂၀၀၈-၀၉ခုနှစ်မှ ယနေ့အချိန်အထိ စည်ပင်သာယာရေးအဖွဲ့၏ မတရား အခွန်ကောက်ခံမှုကို ညှိနှိုင်းဖြေရှင်းပေးရန် ဇမိရတနာမြို့မဈေးသည်များက ကြာအင်းဆိပ်ကြီးမြို့ရှိ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့ အကြိမ်ကြိမ် တိုင်တန်းတောင်း ဆိုခဲ့သော်လည်း အာဏာပိုင်များဘက်မှ တစုံတရာ ဝင်ရောက်ဖြေရှင်းမှု မရှိကြောင်း သိရသည်။
အမည်မဖော်လိုသူ ကြာအင်းဆိပ်ကြီးမြို့ လူမှုအဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းတစ်ဦးက “စည်ပင်က ရနေတဲ့ အခွင့်အရေးတွေ ဟာ ကိုယ်ကျိုးဖြစ်နေတာက ဒေသခံတွေ နစ်နာသလို နိုင်ငံတော်အခွန်ငွေတွေလည်း ဆုံးရှုံးတာပေါ့။ ဒါဟာ မလုပ်သင့်ဘူး။” ဟု ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်စည်ပင်အဖွဲ့သည် ၂၀၁၀-၂၀၁၁ခုနှစ်အတွင်းက ဘုရားသုံးဆူ ဆိပ်ကမ်းကောက် လိုင်စင်အတွက်ဟု ဆိုကာ ကုန်သည်များထံမှ ကျပ်ငွေ ၁,၆၀၀,၀၀၀(၁၆သိန်း)အထိ ကောက်ခံရရှိခဲ့သော်လည်း ၇၆,၀၀ဝကျပ် (၇သိန်း၆သောင်း) သာ အစိုးရဘဏ်ထဲ ထည့်သွင်းခဲ့ကြောင်း စည်ပင်ဝန်ထမ်းနှင့် နီးစပ်သူများက ပြောသည်။
ဤသို့ မြို့နယ်စည်ပင်၏ မတရားအခွန် ကောက်ခံမှုများကို ရပ်တန့်ပေးရန် သမိရတနာမြို့မ ဈေးသည်များက လိုလားသည်ဟု ကြာအင်းဆိပ်ကြီး မြို့ခံများက ပြောသည်။
အဆိုပါမြို့၏ ဇမိရတနာမြို့မဈေးတွင် ရွှေဆိုင်၊ အထည်ဆိုင်၊ စားသုံးကုန်နှင့် ပျံကျဈေးဆိုင်စသည့် ဈေးဆိုင်အမျိုးမျိုး ရောင်း ချလျှက်ရှိပြီး ၂၀၀၈ခုနှစ်မတိုင်ခင်က အကောက်အခွန်လွှတ်စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။