Home သတင်း စစ်တပ်ရိက္ခာကား ပစ်ခတ်မှုအတွင်း ဒေသခံတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ဟု လောင်းလုံး PDF ပြော

စစ်တပ်ရိက္ခာကား ပစ်ခတ်မှုအတွင်း ဒေသခံတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ဟု လောင်းလုံး PDF ပြော

761
Photo: Crd.

ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်အတွက် ရိက္ခာဝယ်ယူပြီး ပြန်လာသည့်ကားကို လိုက်လံပစ်ခတ်သည့်အချိန်တွင် ဒေသခံတစ်ဦး မတော်တဆကျည်ထိမှန် သေဆုံးခဲ့ ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၆ရက်၊ နေ့လည်ပိုင်းတွင် လောင်းလုံးမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးစ ခန်း (လားဘိုတောင်စခန်း)နှင့် စမ်းလှမ်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင် တပ်ကင်းစခန်းတို့အတွက် ရိက္ခာ ဝယ်ယူပြီး ပြန်လာသော ကားကို လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ကားကို စစ်ဆေးရန် အတွက် ရပ်ခိုင်းစဉ် ကားရပ်ပေးခြင်းမရှိဘဲ မောင်းပြေးခဲ့ခြင်းကြောင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံး PDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ သတင်းရထားလို့ ထားဝယ်က ရိက္ခာသယ်ပြီး ပြန်အဆင်းကို စောင့်နေခဲ့တာပါ ။ ဆင်းလာတာ သိတာနဲ့ ကားရှေ့ ရပ်ပြီး သေနတ်ချိန် ရပ်နားခိုင်းတာကို မရပ်ဘဲကားနဲ့ ဝင်တိုက်ပြီး မောင်းပြေးတာ။ တော်သေးတယ် ရဲဘော်တွေ အရှောင်မြန်လို့ဗျာ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် ၎င်းရိက္ခာတင်ကားမှ မောင်းပြေးပြီး ထားဝယ်-လောင်းလုံးလမ်းပေါ်က အင်းဇောက်ရွာ ဘိလိယက်ခုံရှေ့တွင် ကားပေါ်မှဆင်းပြေးကာ ဘိလိယက်ဆိုင်အတွင်းသို့ ဝင်ပြေးခဲ့ခြင်းကြောင့် ဆိုင်အတွင်းရှိ ဒေသခံတစ်ဦး မတော်တဆကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကောင်တွေ ဘိလိယက်ဆိုင်ထဲ ဝင်ပြေးတော့ နောက်ကနေလိုက်ပြီး ပစ်တာ ၁ ဦးတော့ မှောက်သွား တယ်။ ကျန်သူတွေ အိမ်နောက်က တောထဲဝင်ပြေးသွားခဲ့လို့ ရှာတာမတွေ့ဖြစ်နေချိန် စခကား ဘယ်ညာ လာနေကြတယ် သတင်းရလို့ ဆုတ်လိုက်ရတယ်။ အဲကားပေါ်ပါတဲ့ ပစ္စည်းတွေရောကားရော ဘာမှ မလုပ်ဘဲ ဆုတ်ခဲ့လိုက်တယ်။ ဆုတ်ပြီးမှ သေတဲ့သူကို စုံစမ်းတော့ စခမဟုတ်ဘဲ ပြည်သူဖြစ်နေတာ သိရတယ်။ ကားပေါ်က ဆင်းပြေးတဲ့ စခနဲ့ အင်္ကျီအရောင်ကလည်းဆင်၊ ဘိလိယက်ခုံထဲ ၁၀ ဦး လောက်က မပြေးဘဲစခနဲ့ အဲပြည်သူတစ်ဦးပဲပြေးနေကြတော့ ကျနော်တို့လည်း စခပဲထင်နေတာ ၊ တကယ်စိတ်မကောင်းဖြစ်ရပါတယ်ဗျာ့။”ဟု ၎င်းက ပြောသည်။

မတော်တဆ ကျည်ထိမှန် သေဆုံးခဲ့ရသည့် ကိုမျိုးဇော်လတ်အတွက် လောင်းလုံးမြို့ နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပြီး တာဝန်ခံမှုရှိရှိနှင့် တာဝန်ယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။