Home သတင်း တောင်ငူတွင် ရာသီတုပ်ကွေး ဖြစ်ပွားသူများ၍ ဆေးရုံဆေးခန်းများတွင် လူနာများ ပြည့်ကြပ်နေ

တောင်ငူတွင် ရာသီတုပ်ကွေး ဖြစ်ပွားသူများ၍ ဆေးရုံဆေးခန်းများတွင် လူနာများ ပြည့်ကြပ်နေ

955

ဩဂုတ်လ(၅)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ယခုမိုးတွင်းကာလအတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများပြားလာ၍ မြို့တွင်းရှိဆေးရုံ၊ ဆေးခန်းများတွင် လူနာများပြည့်လျှံနေပြီး ဆေးကုသမှုခံယူရန် တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

ယခုဖြစ်ပွားသည့် ရာသီပေါ်တုပ်ကွေးရောဂါ ကူးစက်ခံစားရသူများတွင် အသားအရောင်များနီရဲကာ ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်းနှင့် ရက်ရှည်အဖျားတက်သည့် လက္ခာဏာများရှိပြီး ဖြစ်ပွားသူများပြား၍ ဆေးရုံဆေးခန်းများတွင် လူနာအပြည့်ဖြစ်နေကြောင်း ကိုယ်တွေ့ကြုံရသည့် တောင်ငူမြို့နေ အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကျမရော ကျမတူတွေ တူမတွေရော တုပ်ကွေးဖြစ်တယ်။ သူတို့လည်း ကျောင်းမတက်ရတာ နှစ်ပတ်ရှိပြီ။ တစ်ယောက်က နေကောင်းလာရင် နောက်တစ်ယောက်က ထပ်ဖြစ်တယ်။ ဆေးခန်းတွေဆို တန်းစီနေ ရတယ်။ ရာသီတုပ်ကွေးဖြစ်တာ များမယ်ထင်ပါတယ်။ ညသန်းခေါင်လောက်ဆို ကိုယ်ပူပြီး အဖျားတက် လာတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါတုပ်ကွေးရောဂါသည် ကိုယ်ခံအားနည်းသည့်ကလေးများတွင် အဖြစ်များသည့်အတွက် ကျောင်းနေအရွယ်ကလေးများ ရောဂါကူးစက်ခံစားရမှုများကာ ကျောင်းပျက်ရက်များပြားပြီး ပညာရေး နှောင့်နှေးကြောင်းလည်း အုပ်ထိန်းသူ ကျောင်းသားမိဘများထံမှ သိရသည်။

ကျောင်းသားမိခင်တစ်ဦးက “အခုတလော တုပ်ကွေးတွေအဖြစ်များတယ် ဆေးရုံတွေလည်း လူနာတွေနဲ့ ပြည့်လျှံနေတာပဲ။ နေရာမရှိဘူး တုပ်ကွေးဖြစ်တဲ့ကလေးတွေလည်း ကျောင်းမတက်ရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ရာသီတုပ်ကွေးရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အသက်ရှုလမ်းကြောင်း မှတဆင့် ကူးစက်ပြန့်ပွားလွယ်သည့်အတွက် ကူးစက်ခံရပြီး ရောဂါပြင်းထန်အဆင့်သို့မရောက်မီ ကြိုတင် ၍ကာကွယ်ဆေးထိုးနှံထားရန်နှင့် ရောဂါမဖြစ်ပွားရန် မိုးရေစိုအဝတ်အစားများဖြင့် အချိန်ကြာ မြင့်စွာ နေထိုင်ခြင်းမပြုလုပ်ဘဲ ကိုယ်ခံအားကောင်းမွန်သော အစားအသောက်များ စားပေးခြင်းနှင့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများလုပ်၍ လူနေထူထပ်သောနေရာများသို့ ရှောင်ရှားရန် စသည်တို့ ပြုလုပ်သင့် ကြောင်း ကျန်းမာရေးပညာရှင်များကလည်း ပြောဆိုထားသည်။

အလားတူ ပဲခူးတိုင်းအတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ညောင်လေးပင်ခရိုင်တွင်လည်း စစ်ကောင်စီဘက်မှ ဆေးဝါးသယ်ဆောင်မှုများကို ပိတ်ပင်တားမြစ်မှုများရှိသောကြောင့် ယခုမိုးတွင်း ကာလအတွင်း အမိုးအကာ နှင့်ဆေးဝါးလိုအပ်ချက်ရှိနေသော နယ်မြေခံစစ် ဘေးရှောင် ပြည်သူများ အထူးသဖြင့် ကလေးသူငယ်များတွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များကြောင်း ဒေသအတွင်းရှိ စစ်ဘေးရှောင်ကူ အရပ်ဖက်အဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရသည်။