နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က လက်ရှိနှင့်နောက်လာမည့် အာဆီယံအလှည့်ကျနိုင်ငံများထံ ပူးတွဲတောင်းဆိုသည်။
နိုဝင်ဘာ (၁၆) ရက်မှ (၁၈) ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို မဖိတ်ကြားရန် သေချာစေရေး ယမန်နေ့၊ နိုဝင်ဘာ(၉)ရက်နေ့ဖြင့် တိုက်တွန်းသည့်ထုတ်ပြန်ချက်တွင် APHR နှင့် SAC-M တို့က ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။
လက်ရှိအာဆီယံဥက္ကဌ ဖိလစ်ပိုင်နိုင်ငံနှင့် နောက်အလှည့်ကျ စင်ကာပူနိုင်ငံတို့အနေဖြင့် SCEF အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူနည်းစုများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စသည့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေး တရားဝင်ဆောင်ရွက်နေကြသည့် အင်အားစုများနှင့် ဦးစားပေး ဆွေးနွေး၊ ထိတွေ့ဆက်ဆံရမည်ဟု ဆိုသည်။
ထို့အပြင် အာဆီယံအနေဖြင့် မင်းအောင်လှိုင် (သို့မဟုတ်) စစ်အုပ်စုခေါင်းဆောင်တစ်ဦးဦးကို အစည်းအဝေးတက် ရောက်စေပါက မြန်မာ့ပဋိပက္ခအရေးကိုဖြေရှင်းရန် ချမှတ်ထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်ကို ပျက်ပြားစေမည်ဟုလည်း APHR နှင့် SAC-M တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
“အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ဘာအကျိုးဆက်မှ မရှိဘဲ လျစ်လျူရှုနိုင်တယ်ဆိုတဲ့ အချက်ပြမှု ဖြစ်သွားပါလိမ့်မယ်။ အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်တပ်ဘက်က မရပ်တည်ဘဲ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်” ဟု APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်အမတ် က ပြောသည်။
ယင်းအပြင် ဘုံသဘောတူညီချက်များကို စစ်အုပ်စုက လိုက်နာဆောင်ရွက်မှုရှိစေရန် အာဆီယံခေါင်းဆောင်များက အချိန်ကာလသတ်မှတ်ချက်နှင့် အမှန်တကယ်အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိစေရေး၊ နိုင်ငံရေးအကျဥ်းသားများကို ချက်ချင်းလွှတ်ပေးရေးတို့ပါဝင်သော စံနှုန်းများ ချမှတ်ပေးရန် SAC-M နှင့် APHR တို့က တိုက်တွန်းထားသည်။
စစ်အုပ်စုက သတ်မှတ်ထားသည့်စံနှုန်းများကို လိုက်နာမှုမရှိပါက အရေးယူဒဏ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင်ရန်လည်း ပူးတွဲတိုက်တွန်းသည့်အဖွဲ့က ဆိုသည်။
ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လက စစ်အုပ်စုနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး ကျင်းပနေချိန် ကရင်ပြည်နယ်ရှိအရပ်သားများကို လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အခြေအနေ၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံမလာခင်နှင့်ပြီးနောက် ကရင်နီနှင့်ရခိုင်၌ လေယာဥ်ဗုံးကျ၍ အရပ်သားထိခိုက်သေဆုံးမှု အခြေအနေတို့အား ထုတ်ပြန်ချက်ထဲတွင် မီးမောင်းထိုးပြသွားသည်။
ထို့ကြောင့် အာဆီယံ၏ မြန်မာစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံလာမှုသည် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်အုပ်စုအတွက် တရားဝင်နိုင်ရေးလမ်းကြောင်း မဖြစ်စေရန် SAC-M နှင့် APHR တို့က သတိပေးသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် အာဆီယံအစည်းအဝေးများသို့ စစ်အုပ်စုကို မြန်မာကိုယ်စားပြုပြီး တက်ရောက်နိုင်ခွင့် ပိတ်ပင်ထားသော်လည်း မင်းအောင်လှိုင် သမ္မတနေရာအရယူပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း အာဆီအဖွဲ့ဝင်နိုင်ငံများထံ လှည့်လည်သွားရောက်ရာမှတဆင့် စစ်အုပ်စုနှင့် အာဆီယံအကြား သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ သိသိသာသာ တိုးတက်လာခြင်းရှိသည်။
သို့သော် တရားဝင်မူဝါဒအရ အာဆီယံသည် ထိပ်သီးအစည်းအဝေးများသို့ စစ်အုပ်စုတက်ရောက်ခွင့်ကို ယနေ့အချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သလို ပြီးခဲ့သည့် ဇူလိုင်လက အာဆီယံအထူးကိုယ်စားလှယ် ထိုင်းသို့လာစဥ် မြန်မာ့အရေးနှင့်ပတ်သက်ပြီး စစ်အုပ်စုခေါင်းဆောင်တချို့အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးသည့် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။


















