ဇူလိုင် ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ မော်ပယ်ခို့ကျေးရွာ ကော်သူး လေ အထက်တန်းစာသင်ကျောင်းတွင် ယမန်နေ့ ဇွန်လ ၃၀ရက်နေ့က ကေအဲန်ယူ တာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲအစီအစဉ်တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
ရပ်ရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနား လည်ရန်အတွက် ယခုလို မူးယစ်ဆေးဝါးအသိပညာပေးမှုအစီအစဉ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဖားအံခရိုင်တရားသူကြီး ပဒိုမန်းပန်းသီက အခမ်းအနား ထည့်သွင်းပြောကြားခဲ့သည်။
” မူးယစ်ဆေးဝါးသုံးစွဲတဲ့သူအတွက်ကျတော့ ပြစ်ဒဏ်တွေရှိပြီးသား သူ့နေရာနဲ့သူ ဆယ်လုံး အထက်တွေ့ရှိရင် ပြစ်ဒဏ်ကတစ်မျိုး၊ ဆယ်လုံး အောက်ဆိုရင်တစ်မျိုး၊ ရောင်းတဲ့သူက ကျတော့သိတော့ သိထားတယ်။ ဒါပေမဲ့အရေးယူဖို့အတွက်က သက်သေဆိုတာလိုအပ်တယ်။ သက်သေ မရှိရင် အရေးယူလို့မရဘူး။ ခုတော့အများအားဖြင့်သုံးစွဲတဲ့သူဖမ်းမိတာများတယ်”ဟု ပြောသည်။
ယမန်နေ့ ပြုလုပ်သည့် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲသို့ ကေအဲန်ယူ ဖားအံခရိုင် တရားသူကြီး မန်းပန်းသီနှင့် နယ်မြေခံ တာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများ ကျေင်းသား/ ကျောင်းသူများ၊ ကျောင်သားမိဘများနှင့် ရပ်မိရပ်ဖများအပါအဝင် တစ်ရာကျော် တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပြစ်ဒဏ်များကို ဆွေးနွေးတင်ပြခဲ့သည်။

” အခုလိုအသိပညာပေး ဟောပြောပွဲလာလုပ်တာက ရပ်ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ကြားသိ ရပြီး သူတို့ကိုယ်သူတို့ပြန်ပြုပြင်မယ်ပေါ့။ ရပ်ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအတွက် ကျမတို့ လူငယ်အနေနဲ့ သုံးစွဲတဲ့သူတို့ ရောင်းတဲ့သူတို့တွေ့ရင် တာဝန်ရှိသူတွေကို အသိပေးရမယ်။ အဲဒါ ကျမတို့လူငယ်တွေ ပူးပေါင်းပါဝင်သင့်တဲ့အရာတွေပဲပေါ့”ဟု မော်ပယ်ခို့ ကျောင်းသူ နော်လဲ့လဲ့ထူးက ကေအိုင်စီသို့ ပြောသည်၊
ကော်သူးလေ (ကေအဲန်ယူ)နယ်မြေအတွင်း မူးယစ်ဆေးဝါးအဖြစ်သတ်မှတ်ကာ ရောင်းဝယ်စိုက် ပျိုးခြင်းနှင့် ဆေးဝါးထုတ်လုပ်ပြင်ဆင်ခြင်းပြုလုပ်သူများကို ကော်သူးလေရာဇဝတ် ဥပဒေ ပုဒ်မ ၁၈ဝ၊ ၁၈၁၊ ၁၈၂၊ ၁၈၃ နှင့် ၁၈၄ တို့ဖြင့် အရေးယူဆောင်ရွက်နိုင်သည်ဟု ပြဌာန်းဖော်ပြထားသည်။



















