Home သတင်း ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်း တစ်လအတွင်း (၃)ကြိမ်တိုက်ခိုက်ခံရပြီး (၁၀)ဦးထက်မနည်းသေဆုံး

ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်း တစ်လအတွင်း (၃)ကြိမ်တိုက်ခိုက်ခံရပြီး (၁၀)ဦးထက်မနည်းသေဆုံး

1191
Photo-CJ

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူ ခရိုင်၊ လိပ်သိုဒေသလေလော်ဒေးကျေးရွာအနီးရှိ ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ယခု ဇွန်လအတွင်း (၃)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း တပ်မဟာ(၂) တပ်ရင်း(၅)၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၄)ရက်၊ (၁၂)ရက်နှင့် (၂၀)ရက်နေ့တို့တွင် KNLA တပ်မဟာ(၂)၊ တပ်ရင်း(၅)နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက ထိုစစ်ကောင်စီတပ်စခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ(၁၀)ဦးထက်မနည်းသေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီ၏ ၇ မိုင်တပ်စခန်း၊ ထုံးဘိုကြီးရွာအခြေစိုက် တပ်စခန်း၊ လိပ်သိုမြို့ရှိ အမှတ်(၆၀၃) ဗျူဟာကုန်း တပ်စခန်းအသီးသီးတို့မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ပေးခဲ့သလို ဇွန်လ(၂၁)ရက်နေ့တွင် ကျောက်လုံးကြီးတပ်စခန်းမှလည်း အနီးအနားရှိ ရွာသစ်၊ ကွမ်းပင် အစရှိသော ကျေးရွာများသို့ လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ကျောက်လုံးကြီးက သံမိုးတောင်ရွာဘက်နဲ့လည်း နီးတယ်။ သံမိုးတောင်မှာလည်း တိုက်ပွဲကြောင့် အကုန်စစ်ရှောင်နေရပြီ။ စစ်တပ်နှင့် ဟိုဘက်(တော်လှန်ရေးအင်အားစု)နဲ့က အပြန်အလှန်ပစ်ခတ်နေကြတာပဲ။ ကျမတို့ ဘက်မှာလည်း တစ်ခါတစ်ခါ စစ်တပ်က ကေအဲန်ယူဘက်ကို လက်နက်ကြီး လှမ်းထုလိုက်တာကြားရင် အကုန်အိမ်အောက်မှာ ဆင်းဝပ်နေရတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း အဆိုပါစစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များ တော်လှန်ရေးအင်အားစုများ၏မိုင်းဆွဲတိုက်ခိုက်ခံရ၍ (၃)ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ ယခု ၂၀၂၃ခုနှစ် မတ်လ(၂၇)ရက်နေ့ကလည်း ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ထုံးဘိုကြီး၊ ကျောက်လုံးကြီး၊ သံမိုးတောင်နှင့် ဗဟုန်းတပ်စခန်းတို့ကို လက်နက်ကြီး၊ ငယ်များဖြင့် တစ်ပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သလို တောင်ငူရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အား လက်နက်ကြီး(၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

အဆိုပါ တိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဗဟုန်း၊ ထုံးဘိုကြီး အစရှိသောကျေးရွာများသို့ လေကြောင်းအသုံးပြုပစ်ခတ်သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။