Home သတင်း နတ်သံကွင်းတွင် မသင်္ကာမှုဖြင့် အမျိုးသား(၇)ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးထား

နတ်သံကွင်းတွင် မသင်္ကာမှုဖြင့် အမျိုးသား(၇)ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးထား

937

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းတွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားသော ပြီးခဲ့သည့် ဇွန်လ(၆)ရက် နေ့နောက်ပိုင်း အမျိုးသား(၇)ဦးထက်မနည်း မသင်္ကာမှုဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း သိရသည်။

အဆိုပါအမျိုးသားများအား စစ်ကောင်စီက တော်လှန်ရေးအင်အားစုများနှင့်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခုအချိန်ထိ မိသားစုများနှင့်တွေ့ခွင့်မရဘဲ ညောင်လေး ပင်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ဖမ်းခံရတာအကုန် ဒေသခံတွေချည်းပဲ သူတို့စွပ်စွဲသလိုမဟုတ်ဘူး။ အမျိုးတစ်ယောက် သွားတွေ့တာလည်း တွေ့ခွင့်မပေးဘူး။ ပြီးတော့ အဲဒီထဲက ဒေသခံ တစ်ယောက်၊ နှစ်ယောက်ကို စစ်မေးတဲ့နေရာမှာ သဲနဲ့မျက်စိကိုပက်ပြီး လက်ဖဝါးနဲ့ပွတ်တယ်လို့ ကြားတယ်။ ကျနော်တို့လည်း မြို့ထဲ အရင်လိုမသွားရဲတော့ဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် နတ်သံကွင်းမြို့တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခံရသည့် အဆိုပါနေ့ကတည်းက စစ်ဘေးတိမ်းရှောင်သွားကြသော ဒေသခံအများစုမှာ လက်ရှိအချိန်ထိနေရပ်ပြန်မနေရဲကြသေးဘဲ မြို့အတွင်းစစ်ကောင်စီတပ်များက ပြန်လည်နေရာယူထားပြီး စစ်ဆေးရေးတင်းကြပ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့ထဲမှာ စက်ပစ္စည်းမပြောနဲ့ ကြက်တွေ၊ ဘဲတွေ ပါ ခိုးခံရတယ်။ စစ်ရှောင်သူအများစုက အိမ်ကိုအခြေအနေပြန်ကြည့်တာပဲရှိတာ ပြန်အိပ်မရဲဘူး။ အခုလူတွေလည်းဖမ်းနေတော့ မြို့ကအရင်လိုမစည်တော့ဘူး။” ဟု အမည်မဖော်လိုသောဒေသခံတစ်ဦးက ဆိုသည်။

ထို့အတူ နတ်သံကွင်းတိုက်ပွဲအတွင်း ကျောက်ကြီး-နတ်သံကွင်းတံတားမပျက်စီးမီ ပြီးခဲ့သည့် မေလ ကလည်း တံတားရှိ လမ်းမီးတိုင်များထူရန်နှင့် ပြုပြင်ရန်ဟုဆိုကာ ဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးခဲ့သလို ကျေးရွာများတွင်လည်း အလှည့်ကျစနစ်ဖြင့် ခေါ်ယူခိုင်းစေခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုများဖြစ်သော နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လေကြောင်းဖြင့် လည်းကောင်း၊ လက်နက်ကြီး ငယ်များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်လက်ကျုးလွန်လျက်ရှိသဖြင့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများသာမက ပြည်သူတစ်ရပ်လုံးကပါ စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကို ပူးပေါင်းဆန့်ကျင်ကြရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီကလည်း ဇွန်လ(၁၀)ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားသည်။