Home သတင်း အူဟူးထ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းများနှင့် စာသင်ကျောင်းဆောင်များ လိုအပ်ချက် ရှိနေ

အူဟူးထ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းများနှင့် စာသင်ကျောင်းဆောင်များ လိုအပ်ချက် ရှိနေ

950
Photo-Hsarthanmoo FB

ဇွန်လ ၁၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အူဟူးထ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် ကျောင်းသူ/ကျောင်းသား လူဦးရေ တိုးလာခြင်းကြောင့် သင်ထောက်ကူ ပစ္စည်းနှင့် စာသင်ဆောင်လိုအပ်ချက်များ ရှိနေကြောင်း ကျောင်းတည်ထောင်သူ ဆရာမ ဆာသန်းမူးက ပြောသည်။

အဆိုပါစာသင်ကျောင်းနှင့် နီးစပ်သည့် ကျေးရွာများတွင် မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး ကျောင်းများပျက်စီးခဲ့ သည့်အတွက် ၎င်းအူဟူးထကိုယ်ထူကိုယ်ထ စာသင်ကျောင်းသို့ လာရောက်ပြောင်းရွှေ့ စာသင်ကြားနေရပြီး ယခုနှစ်တွင် ကျောင်းသူ၊ ကျောင်းသားလူဦးရေမှာ ယခင်နှစ်ထက်တိုးလာသောကြောင့် စာသင်ဆောင်အပြင် စာအုပ်၊ ခဲတံ၊ လွယ်အိတ်စသည့် သင်ထောက်ကူပစ္စည်း လိုအပ်နေကြောင်း ဆရာမ ဆာသန်းမူး က ယခုလိုပြောသည်။

“အရင်နှစ်တွေတုန်းကတော့ ၅၀ လောက်ပဲရှိတယ်။ ဒီနှစ်က အယောက် ၁၃၀ လောက်ဖြစ်လာပြီး။ ကျောင်း သားတွေမှာဆိုရင် စာအုပ်တွေတောင်မရှိဘူး။ တိုက်ပွဲတွေက ထပ်ဖြစ်လာတော့ လူဦးရေပိုပိုတိုးလာတယ်။ စစ်ပွဲဖြစ်တော့ ကျောင်းတွေ ပျက်စီးသွားတာတော့နေလို့မရတော့ဘူး”ဟု ဆရာမ ဆာသန်းမူးက ကေအိုင်စီသို့ ပြောသည်။

ထို့နောက် အူဟူးထ စာသင်ကျောင်းတွင် တက်ရောက်စာသင်ကြားသည့် ကျောင်းသူ/ကျောင်းသားများတွင် ကော့ကရိတ်၊ မြဝတီမြို့နှင့် ကော့နွဲ၊ ဖလူး၊လေးကေ့ကော်၊ ရွာသစ်ကုန်း၊ တနော်ထ၊ ချိုးကလေး၊ ဥကရစ်ထ၊ ဝါးမီထ၊ သေ့ဘောဘိုး၊ တာအူးထ၊ ထီးကိုးပေါ်ကေ့၊ ဖားကလူး နှင့် ဧရာဝတီတိုင်းမှ ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များအပြင် ကရင်ပြည်နယ်မြောက်ပိုင်းရှိ ဖာပွန်ဒေသမှ ကလေးငယ်များပါ လာရောက်ပညာသင်ယူနေကြောင်း ဆရာမ ဆာသန်းမူး က ဆက်ပြောသည်။

အဆိုပါ အူဟူးထစာသင်ကျောင်းတွင် KG−1 မှ Grade- 7 အထိရှိပြီး ကေအဲန်ယူ၏ ကရင်ပညာရေးနှင့် ယဉ်ကျေး မှုဌာန(KECD) ပညာရေးဌာန၏ သင်ရိုးညွှန်းတမ်းကို အဓိက သင်ကြားပေးနေခြင်းဖြစ်ကြောင်းလည်း ကျောင်း တာဝန်ရှိသူများက ပြောသည်။

လတ်တလောတွင် KECD လက်အောက်ရှိ စာသင်ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်များ ရှိနေ သည့် ပြဿနာကို နှစ်စဉ်ကြုံတွေ့နေရကြောင်းလည်း KECD ဘက်ကလည်း ဆိုထားသည်။

အဆိုပါ အူဟူးထ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး ဆရာ/မ ၃ ဦးဖြင့် စတင်သင်ကြားပေးခဲ့ရာမှ ယခုနှစ်တွင် ဆရာ/ဆရာမ ၁၃ ဦးအထိ ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၎င်းစာသင်ကျောင်းတွင် ပညာသင်ကြားယူပြီး အတန်းအောင်မြင်သွားသည့် ကျောင်းသူ၊ ကျောင်းသား များအား ထိုင်း-မြန်မာနယ်စပ် ဖို့ဖရတ်မြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်း (Thoo Mweh Khee Learning Center) တွင် ဆက်လက်ပြောင်းရွှေ့ ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။