Home သတင်း စစ်ကောင်စီ၏ ဝီယော်တပ်စခန်း နှစ်ရက်အတွင်း သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခံရ

စစ်ကောင်စီ၏ ဝီယော်တပ်စခန်း နှစ်ရက်အတွင်း သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခံရ

1004
Photo-Crd

ဇွန်လ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ် ဝီယော်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၉ အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များက နှစ်ရက်အတွင်း သုံးကြိမ်တိုင်တိုင် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတာဝန်ရှိသူ ထံမှ သိရသည်။

စစ်ကောင်စီ၏ဝီယော်စခန်းအား KNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုတစ်ကြိမ် (၁၀)ရက်နေ့တွင် နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အရပ်သားပြည် သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများတုန့်ပြန်လုပ်ဆောင်ခဲ့ကြောင်း ထိုနယ်မြေခံ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့တွင် တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီး (၁၀)လုံး ထက်မနည်း ထုံးဘိုကြီးကျေးရွာဘက်သို့ တုန့်ပြန်ပစ်ခတ်သဖြင့် ရွာအတွင်း လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အထက်တန်းကျောင်းအုတ်တံတိုင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သထုံမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်နက်ကြီး ခြောက်လုံးက မိချောင်းကုန်းရွာကိုကျတယ်။ ခြောက်မိုင်ကုန်းမှာက လက်နက်ကြီး နှစ်လုံးကျတယ် လူတော့မထိဘူး။ လယ်မြေခြံမြေထဲပဲကျတာဆိုတော့ သီးပင်တွေ ပျက်စီး ကုန်တာတော့ရှိတယ်။ ထုံးဘိုကြီးမှာကျတော့ အထက ထုံးဘိုလေးကျောင်း အုတ်တံတားပျက်စီးသွားတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အတူ ဇွန်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီနှင့် နေ့လည်(၁၂)နာရီဝန်းကျင်တွင် ထိုစခန်းအား ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ပြီး စခန်းတွင်တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ကအတိုင်း ကျေးရွာများဘက်သို့ လက်နက်ကြီး(၁၆)လုံး ထပ်မံတုန့်ပြန်ပစ်ခတ်သဖြင့် ထုံးဘိုလေးရွာ ဘုန်းကြီးကျောင်းဝင်းနှင့် ရွာအပြင်သို့လည်းကောင်း၊ ထီးညာလီတောင် ကညင်ရွာရှိ စိုက်ပျိုးခြံ ဝင်းများ အတွင်းသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံထိခိုက်မှုမရှိကြောင်း ဒေသခံများ၏ပြောစကားအရ သိရသည်။

၎င်းအပြင် ဇွန်လ (၁၀)ရက်၊ နေ့လည်ပိုင်းက ထိုဝီယော်စခန်းသို့ ပူးပေါင်းတပ်များ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၁)သထုံခရိုင်၏ အတွင်းရေးမှူး ပဒိုစောအေးနိုင်က အတည်ပြုပြောဆိုသည်။

အဆိုပါဝီယော်စခန်းသည် နီးစပ်ရာကျေးရွာများသို့ မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းအခြေစိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက်၍သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ပိုင်ရှင်မသိဘဲ ယူဆောင်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အတွက် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ကေအဲန်ယူသထုံခရိုင်၏ ထုတ်ပြန်ချက်နှင့်ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အလားတူ ထိုနေ့ ဇွန်လ(၁၀)ရက် နေ့လည် ၁ နာရီဝန်းကျင်တွင်လည်း ပိန္နဲတောရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် ပိန္နဲတောအောက်ရွာနေ ဦးမောင်ကူး အမည်ရှိ ဒေသခံတစ်ဦး၏နေအိမ်(၁)လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့သေးသည်။