Home သတင်း မှားယွင်းဖမ်းဆီးခံရသည့် ညောင်တုန်းမြို့နယ် ကရင်စာ/ယဉ် တွဲဖက်အတွင်းရေးမှူး ပြန်လည် မလွတ်မြောက်သေး

မှားယွင်းဖမ်းဆီးခံရသည့် ညောင်တုန်းမြို့နယ် ကရင်စာ/ယဉ် တွဲဖက်အတွင်းရေးမှူး ပြန်လည် မလွတ်မြောက်သေး

958

ဇွန်လ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီတပ်၏ မှား ယွင်းဖမ်း ဆီးခြင်းခံရသည့် မြို့နယ် ကရင်တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်း၏ တွဲဖက်အတွင်းရေးမှူး စမြကြီး သည် ယနေ့ အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ မိသားစုဝင်များနှင့် အဆက် အသွယ်ပြတ်တောက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်မှ ၁၁ ရက်နေ့အတွင်း ညောင်တုန်းမြို့နယ်ရှိ လူငယ်တချို့ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားမှုများလုပ်ဆောင်ရာတွင် မြို့နယ်ကရင်တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်း၏ တွဲဖက် အတွင်းရေးမှူး စမြကြီးကို မှားယွင်းဖမ်းဆီးသွားခဲ့ရခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

စမြကြီးနှင့် နီးစပ်သူတစ်ဦးက “သူ့အိမ်မှာက လူသိပ်မရှိဘူး။ သူက လူပျိုကြီး တစ်ယောက်ပဲနေတာ။ စစ်တပ်က ဖမ်းသွားတဲ့ ဆက်စပ်တဲ့ သူတွေက သူအိမ်မှာ လာအိပ် သွားလို့ ဖမ်းသွားတယ်လို့ပဲထင်တယ်။ သူ့အိမ်နဲ့ မလှမ်းမကမ်းမှာက ညဘက်မှာ လက်နက်တွေမိပြီးတော့ နောက်နေ့မနက်မှာသူ့ကို လာခေါ်သွားတာ။ အခုက အဆက် အသွယ်လည်း မရဘူး၊ တွေ့လို့လည်း မရဘူး။ အစားအသောက်လည်း ပို့ပေးလို့ မရဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

အဖမ်းဆီးခံလိုက်ရသည့် ကရင်စာ/ယဉ် တွဲဖက်အတွင်းရေးမှူး စမြကြီးအနေဖြင့် ကရင်စာပေယဉ်ကျေးမှု လုပ်ငန်းများကိုသာ လုပ်ကိုင်နေသူဖြစ်ပြီး ယခုလို စွပ်စွဲ ဖမ်းဆီးသကဲ့သို့ PDF အဖွဲ့ဝင် မဟုတ်ကြောင်း နှင့် လက်ရှိတွင်လည်း ၎င်းနှင့် အဆက်အသွယ်မရသေးသောကြောင့် အဖမ်းဆီးခံရသည့် အဓိက အကြောင်းအရင်းကို မပြော နိုင်သေးကြောင်းလည်း အဆိုပါ နီးစပ်သူက ဆက်ပြောသည်။

ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်နေ့ ညက အဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ နေအိမ်ကို အရပ်ဝတ်ဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေးရာ လက်နက်နှင့် ဆက်စပ်ပစ္စည်းတချို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းမှတဆင့် အခြားကွင်းဆက်ရှိသူများကို လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေ၍ ယနေ့အချိန်အထိ စမြကြီးအပါအဝင် လူငယ် ၄ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းအဖမ်းဆီးခံရသူများထဲတွင် ညောင်တုန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Nyaungdon People Defense Force (NPDF) တပ်ဖွဲ့ဝင်တစ်ဦးပါဝင်ပြီး ကျန်လူငယ်များမှာ သာမန် အရပ်သားများသာဖြစ်ကြောင်း NPDF တပ်ဖွဲ့ဘက် က ဒေသတွင်း သတင်းမီဒီယာတစ်ခုကို ပြောဆိုထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလပိုင်းမှမှစ၍ ညောင်တုန်းမြို့နယ်တွင် NPDF နှင့်ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင် စီတပ်မှ လူငယ်အယောက် ၂၀ ခန့်ကို ပထမဦးဆုံးအကြိမ် အစုအလိုက် အပြုံလိုက် ဖမ်းဆီးခဲ့ဖူးသလို လတ်တလောတွင်လည်း ဖမ်းဆီးမှုများအား ဆက်တိုက်လုပ်ဆောင်နေပြီး နေအိမ်အချို့ကိုလည်း ချိတ်ပိတ်သိမ်း ဆည်းမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လတ်တလော အဖမ်းဆီးခံလိုက်ရသည့် စမြကြီး၏ နေအိမ်ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ထားလိုက်ပြီး ဆက်လက်ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ညောင်းမြို့နယ်ရှိ လူငယ်များအနေဖြင့် မှားယွင်း အဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရှိရသည်။

အလားတူပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ စသိန်းဇော်မင်းကိုလည်း PDF တပ်ဖွဲ့ဝင်ဆိုကာ ဖမ်းဆီးသွားခဲ့သေးပြီး ယနေ့ အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။