Home သတင်း နေရပ်ပြန်လိုကြကြောင်း မြိုင်ကြီးငူရောက် စစ်ဘေးရှောင်ပြည်သူများ တင်ပြပြောဆို

နေရပ်ပြန်လိုကြကြောင်း မြိုင်ကြီးငူရောက် စစ်ဘေးရှောင်ပြည်သူများ တင်ပြပြောဆို

583
Photo-KIC

ဇွန်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်မှ မြိုင်ကြီးငူ ဒေသလို့ စစ်ဘေးရှောင်လာကြသည့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိနေရပ်ပြန်လိုကြကြောင်း ယမန်နေ့ (ဇွန်လ ၁၀ရက်) ပြုလုပ်သည့် KNU ဖားအံရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ တွင် စစ်ဘေးရှောင် ပြည်သူများက တင်ပြပြောဆိုခဲ့ကြောင်း သိရသည်။

ဖာပွန်ဒေသတွင် တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသသို့ စစ်ဘေးရှောင်လာကြသည့် ဒေသခံ ပြည်သူများ ထောင်နှင့် ချီရှိနေပြီး ယခုတွင်လည်းထပ်မံရောက်ရှိလာသူများရှိကာ နယ်မြေအေးချမ်းသာယာမှု ရှိလျှင် မိမိနေရပ်သို့ ပြန်လိုကြကြောင်း ယမန်နေ့ KNU ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေး ဦးဆောင်သည့် တွေ့ဆုံပွဲတွင် တင်ပြပြောဆိုခဲ့ကြခြင်းဖြစ်သည်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ ခရိုင် ဥက္ကဋ္ဌကို တောင်းဆိုချင်တာက ဖြစ်နိုင်ရင် တိုက်ပွဲတွေ ရပ်ပြီး စားပွဲမှာပဲ ဖြေရှင်းစေချင်တယ်။ ကျမတို့ ဒီမှာ လာနေရတာ သိတဲ့အတိုင်းပဲ ဘာမှ လည်း လုပ်ကိုင် စားသောက် လို့အဆင်မပြေဘူး။ တကယ်လို့ နယ်မြေလေး အေးချမ်းရင် ရွာမှာပဲ ပြန်နေချင်တယ်။ ရွာမှာဆိုရင် လုပ်ကိုင် စားသောက်လို့ တတ်သေးတယ် ”ဟု တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြိုင်ကြီးငူသို့ ရောက်ရှိနေထိုင်ကြသည့် ပြည်သူများသည် KNU တပ်မဟာ (၅)ထိန်းချုပ် နယ်မြေ အသီးသီးမှ ဒေသခံများဖြစ်ကြပြီး ယမန်နှစ်မှစ၍ နယ်မြေအတွင်း တိုက်ပွဲများကြောင့် နီးစပ်ရာ ဆွေမျိုး နေအိမ်များနှင့် ယခင် မြိုင်ကြီးငူ စစ်ရှောင်စခန်းနေရာဟောင်းများတွင် လာရောက် စစ်ဘေးရှောင် နေကြရခြင်းဖြစ်ပြီး ဒေသတွင်း အလှူရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြရကြောင်းလည်း ဒေသတွင်းတာဝန်ရှိသူများ၏ ပြောဆိုမှုအရသိရသည်။

လက်ရှိတွင် ယခင်နှစ်များက စစ်ရှောင်များအပြင် အသစ်ထပ်မံရောက်ရှိလာသည့် ထပ်တိုး စစ်ရှောင် သူများလည်းရှိနေပြီး ၎င်းတို့ဒေသအချို့တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွာသော်လည်း ဒေသတွင်း မိုင်းများ ထောင်ထားခြင်းကြောင့် နေရပ်မပြန်ရဲကြဘဲ အဆိုပါ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းပေးစေလိုကြောင်းလည်း နောက်ထပ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“ကျမတို့ ဒီမှာလာနေရတာ ဘာမှ လုပ်ကိုင်စားသောက်လို့ မတတ်ဘူး။ ကျမဆို ခြေထောက် မသန်ဘူး။ ကျမ အမျိုးသားက စနိုက်ပါနဲ့ မှားပစ်ခံထိပြီး ချက်ကောင်းထိလို့ သေသွားတယ်။ အခု ကျမ ကလေးတွေက ထိုင်းနိုင်ငံတက်ပြီး အလုပ်လုပ်နေရတယ်။ ကျမတို့ ရွာပြန်ချင်ပေမဲ့ ရွာမှာက မိုင်းတွေ ထောင်ထားတော့ မပြန်ရဲဘူး။ ဖြစ်နိုင်ရင် ထောင်ထားတဲ့ မိုင်းတွေကို ပြန်ရှင်းပေးစေချင်တယ်။ ဒါမှ ရွာကို ပြန်ရဲမှာ” ဟု ၎င်းက ကေအဲန်ယူ ခေါင်းဆောင်များကို တင်ပြခဲ့သည်။

ထိုစစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံပွဲသို့ KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး နှင့် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့အပါအဝင် နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင် တချို့ နှင့် ဒေသခံ ကျေးရွာတာဝန်ရှိသူများအပြင် စစ်ဘေးရှောင်လာသူ ၅၀၀ နီးပါး ပါဝင် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံမှုတွင် ဖားအံခရိုင်ဥက္ကဋ္ဌမှ တပ်မဟာ (၇) နယ်မြေအတွင်း လက်နက်ကိုင် တိုက်ပွဲကို ဖော်ဆောင် မည်မဟုတ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန် သဘောထားရှိကြောင်း နှင့် စစ်ဘေးရှောင် ပြည်သူများ၏ သဘောထားများကိုလည်း မေးမြန်းခဲ့ပြီး အပြန်အလှန် တင်ပြ ဆွေးနွေး ပြောဆိုမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။