Home သတင်း ကရင်ဒုက္ခသည်စခန်းတွင် ယခုနှစ် အထက်တန်းအောင်မြင်သူ အယောက် ၅၀၀ ကျော်ရှိ

ကရင်ဒုက္ခသည်စခန်းတွင် ယခုနှစ် အထက်တန်းအောင်မြင်သူ အယောက် ၅၀၀ ကျော်ရှိ

862

ဧပြီ၊ ၃၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်း အဆင့် ၁၂တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ကျောင်းသူ၊ကျောင်သာဦးရေး အယောက် ၅၇၃ဦးရှိသည်ဟု ကရင် ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေးအဖွဲ့ KRCEEထံမှသိရသည်။

ဒုက္ခသည်စခန်းရှိ ၁၂ တန်းစာမေးပွဲသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD)၏ အစိုးရစစ် စာမေးပွဲ ဖြစ်ပြီး ဒုက္ခသည်စခန်းအားလုံးတွင် ဝင်ရောက် ဖြေဆိုသူ ၈၅၇ဦးရှိသည့်အနက် အောင်မြင်သူ ၅၇၃ ဦးရှိကာ ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း အနည်းငယ်တိုးလာသည်ဟု KRCEE အတွင်းရေးမှူး နော်ဖောချယ်ရီ ကပြောသည်။

နော်ဖောချယ်ရီက” အောင်ချက်က အပြောင်းအလဲ အရမ်းတော့မရှိဘူး။ နည်းနည်းဘဲကွာတယ်။ ကျောင်းသားဦး ရေက ပြီးခဲ့တဲ့ နှစ်ထက်နည်းနည်းများလာတော့ အောင်ချက်ရာခိုင်နှုန်း နည်းနည်းတက်လာတယ်လို့တော့ ပြော လို့ရတယ်။ ဘာဖြစ်လဲဆိုတောာ့ မနှစ်က ၁၂တန်းဖြေတဲ့ဦးရေ ၅၀၀ ကျော်ရှိတယ်။ ဒီနှစ်က ၈၀၀ ကျော်ရှိတယ်။ အယောက် ၂၀၀ ကျော်တော့များလာတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် အဆိုပါ အထက်တန်းအောင်မြင်သည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဆက်လက်ပညာ သင်ယူ လိုပါက အများစုသည် ဒုက္ခသည် စခန်းထဲတွင် ဖွင့်လှစ်ထားသော အထက်တန်းလွန်ကျောင်းဟုခေါ်သည့် (Post Ten) ကျောင်းများနှင့် ကျမ်းစာကျောင်းများကိုသာ ဆက်လက် ပညာသင်ကြားနေရသည်ဟု နော်ဖောချယ်ရီက ဆက်ပြောသည်။

၎င်းက” ၁၂တန်းအောင်သွားတဲ့ ကလေးတွေကတော့ ကျောင်းဆက်တက်သူတွေလည်းရှိတယ် အလုပ်ပြန်လုပ် တဲ့သူတွေလည်းရှိတယ်။ ကျောင်းဆက်တက်ရင်တော့ Post ten တို့ ကျမ်းစာကျောင်းတို့ဘဲရှိတယ်။ တချို့က တော့ ကျောင်းဆရာ၊ဆရာမပြန်လုပ်တယ်။ တချို့ကတော့အဖွဲ့အစည်းတွေထဲမှာ ပြန်ဝင်လုပ်တာရှိတာပေါ့” ဟုနော်ဖောချယ်ရီက ဖြည့်စွက်ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းထဲရှိ အထက်တန်းလွန် Post Ten ကျောင်း(၉)ကျောင်းသာရှိသည်ဟုသိရပြီး အဆိုပါ ကျောင်းများသည်လည်း ကျောင်းသား၊ကျောင်းသူဦးရေအကန့်အသတ်နှင့်သာ လက်ခံရသည့်အတွက် ဝင်ခွင့်စာ မေးပွဲ အောင်မြင်မှသာ တက်ခွင့်ရှိကြောင်းသိရသည်။

လတ်တလောတွင်လည်း ဒုက္ခသည်စခန်းထဲရှိ ကျောင်းသူ၊ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်း အထောက်အပံ့များ လုံလောက်စွာမရရှိသည့်အပြင် ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းတွင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသူများ တိုးလာပြီး ယခင် ကျောင်းသားဦးရေထက် ပိုတိုး များလာသောကြောင့် ကျောင်းသူ၊ကျောင်းသားအချို့သည် ပုံနှိပ်စာအုပ်များ မျှဝေသုံးရသူလည်းရှိကြောင့် KRCEE ထံမှသိရသည်။

ထို့အပြင် ကရင်ဒုက္ခသည်စခန်း(၇)ခုတွင် စာသင်ကြားပေးနေသည့် ကျောင်းဆရာ၊ဆရာမဦးရေ ၇၀၀ ကျော်ရှိ ကာ KRCEEမှတစ်ဆင့် အထောက်ပံ့ပေးနိုင်သည့် ကျောင်းဆရာ၊ဆရာမဦးရေ အယောက်၄၀၀ ကျော်သာရှိပြီး ကျန်ရှိသည့် ၂၀၀ ကျော်သည် ဒုက္ခသည်စခန်းအတွင်းရှိ ကျောင်းကော်မတီ၊ ကျောင်းသားမိဘများ၏ ထောက်ပံ့မှု အစီစဉ်နှင့်သာ စာသင်နေရကြောင်း သိရသည်။