ဧပြီ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လတ်တလောကျင်းပနေသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို၏ (၁၇) ကြိမ်မြောက် ကွန်ဂ ရက်နှင့်ပတ်သက်ပြီး မူတြော်ခရိုင်၊ တပ်မဟာ(၅)မှ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် အချက် (၃)ချက်ပါ အကြံပြုချက် စာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည့် အကြံပြုစာအရ သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင် လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်မြို့ သစ်စီ မံကိန်းတွင် ကေအဲန်ယူ ဗဟိုခေါင်းဆောင်တချို့ ပါဝင်ပတ်သက်မှုအပေါ် ကေအဲန်ယူ ဗဟိုအမြဲ တမ်း ကော်မတီ၏ ဦးဆောင်မှုဖြင့် စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူပြီးမှ ကရင် တစ်မျိုးသားလုံး၏ သဘောထားကို ရယူကာ ကေအဲန်ယူ ဗဟိုညီလာခံကို ကျင်းပသွားရန် စသည့် အချက်များပါဝင်သော အကြံပြုစာကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မူတြော်ခရိုင်ဘက်က ပြောသည်။
မူတြော်ခရိုင်၏ အမည်မဖော်လိုသူ ခရိုင်တာဝန်ရှိသူတစ်ဦးက “အဓိကတော့ မူးယစ်ဆေးဝါး လောင်း ကစားလုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ခေါင်းဆောင်တွေကို အရင်အပြစ်ပေးဖြေရှင်းဆောင်ရွက် သင့်တယ်။ ပြီးတော့ တစ်မျိုးသားလုံးရဲ့ သဘောထားယူပြီးမှ ကွန်ဂရက်ကို ကျင်းပရင်အဆင်ပြေမှာ ဖြစ် တယ်။ အဲဒါကြောင့် အကြံပြုစာကို ပေးပို့နေတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ဘာသာဖြင့် ရေးထားပြီး အချက် (၃)ချက်ပါဝင်သည့် အဆိုပါ အကြံပြုစာတွင် အဖွဲ့အစည်းအတွင်း လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး အွန်းလိုင်းမှတဆင့်မဟုတ်ဘဲ လုံခြုံစိတ်ချရသည့် နေရာတွင် မျက်နှာချင်းဆိုင် ဖြေရှင်းသွားရန် ကနဦးဖော်ပြရေးသားထားသည်။
ထို့အပြင် ဗဟိုအမြဲတမ်းကော်မတီဝင် ကေအဲန်ယူ ခေါင်းဆောင်အချို့နှင့် ဆက်နွယ်နေသည့် ပြဿနာများကို ဖြေရှင်းပြီး အပြစ်ပေးအရေးယူသည့် အစီအစဉ်များလည်း လုပ်ဆောင်ရမည်ဖြစ်ကာ အဆိုပါ ကိစ္စများ ရှင်းလင်းပြီးမှသာ ဗဟိုအမြဲတမ်းကော်မတီက တစ်မျိုးသားလုံး၏ သဘောထား ရယူပြီးမှ လက်ရှိကျင်းပနေသည့် ကွန်ဂရက် ပြန်လည်ကျင်းပရန် စသည့် အချက်များကို ကေအဲန်ယူ မူတြော်ခရိုင်က တောင်းဆိုအကြံပြုထားခြင်း ဖြစ်သည်။
အဆိုပါ တောင်းဆို အကြံပြုချက်များကို ခေါင်းဆောင်များမှတာဝန်ယူဖြေရှင်းခြင်းမပြုပါက ကွန်ဂ ရက်အတွင်း ရွေးကောက်ခံခြင်းနှင့် မဲပေးခြင်းကို ပါဝင်သွားမည်မဟုတ်သည့် ၎င်းတို့၏ နဂိုရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ စာတွင် ဆက်လက်ဖော်ပြထားသည်။

ကေအဲန်ယူ ကွန်ဂရက်ကို ဧပြီလ ၂၄ရက်နေ့က စတင်ကျင်းပကာ ကေအဲန်ယူ တပ်မဟာ (၂) တောင်ငူ ခရိုင်နှင့် တပ်မဟာ(၅)မူတြော် ခရိုင်ကိုယ်စားလှယ်ဘက်များမှ ကွန်ဂရက်ပါဝင်တက်ရောက် ဆွေးနွေး သော်လည်း ရွေးကောက်ခံခြင်းနှင့် မဲပေးခြင်းမပြုကြကြောင်း သဘောထားရပ်တည်ချက် ပေးခဲ့ကြ သည်။ ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ တက်ရောက်သူ ၇၅ ရာခိုင်နှုန်းပြည့်သည့်အတွက် ကွန်ဂ ရက်ကို ဆက်လက် ကျင်းပနိုင်သည်ဟု သိရသည်။
၁၇ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပကာ ကိုယ်စားလှယ် ၁၀၀ ဦးကျော်ပါဝင် တက်ရောက်နေပြီး ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့အထိ ခေါင်း ဆောင်များ ပြန်လည်မဲပေးရွေးချယ်ခြင်းမပြုနိုင်ကြသေးကြောင်း သိရသည်။
ကရင်အရပ်ဖက်အဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကလည်း “ကွန်ဂရက်က ခရိုင် အားလုံးတော့ မတက်ရောက်ဘူးလို့တော့ သိရတယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။ ဒါပေမယ့် ရာဇဝတ်မှုထဲမှာ ပတ်သက်ဆက်နွယ်နေတဲ့ခေါင်းဆောင်တွေကို ကေအဲန်ယူရဲ့ စည်းမျဉ်းစည်း ကမ်းအရတော့ အရင်ဖြေရှင်းပြီးမှ လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အခုကျင်းပတဲ့ကွန် ဂရက်ကတော့ရယ်စရာနည်းနည်းဖြစ်တယ်လို့ ကျမမြင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့က စတင် ပြုလုပ်သည့် ကွန်ဂရက်၏ အရံဗဟိုအမြဲတမ်းကော်မတီ မဲပေးရွေးချယ်ကို ပြု လုပ်ရာတွင် အွန်လိုင်းမဲပေးရာ၌ ဝင်ရောက်နှောင့်ယှက်မှုများကြောင့် ရွေးကောက်ပွဲ အထမမြောက်သေး ကြောင်း သိရသည်။



















