Home သတင်း ၅ လနီးပါး လျှပ်စစ်မီးပြတ်တောက်နေသည့် မြဝတီတွင် မီးတာထိန်းသိမ်းခအပြင် ရက်လွန်ဒဏ်ကြေးပါ ပေးဆောင်နေရ

၅ လနီးပါး လျှပ်စစ်မီးပြတ်တောက်နေသည့် မြဝတီတွင် မီးတာထိန်းသိမ်းခအပြင် ရက်လွန်ဒဏ်ကြေးပါ ပေးဆောင်နေရ

1098

ဧပြီလ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဒီဇင်ဘာလကစ၍ ယခု ဧပြီးလအထိ လျှပ်စစ်မီး ပြတ်တောက်နေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မီတာထိမ်းသိမ်းခကို လတိုင်းပေးဆောင်နေရတာသည့်အပြင် ရက်လွန်ပါက ဒဏ်ကြေးငွေပါ စစ်ကောင်စီ လျှပ်စစ်ဌာနကို ပေးဆောင်နေကြရကြောင်း မြဝတီမြို့ခံများပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလ ၁၅ရက်နေ့ ကစပြီး ယခု ၂၀၂၃ ဧပြီလအထိ မြဝတီမြို့ အပြင် ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးမြို့ အပါအဝင် ကျေးရွာ ၃၀ ကျော်ကို အဓိက လျှပ်စစ်ဓာတ်အားပေးနေသည့် သင်္ဃန်းညီနောင်လျှပ်စစ် ဓာတ်အားခွဲရုံပင်မ (Transformer)ထရမ်စဖော်မာသည် နှစ်ဖက်တိုက်ပွဲများအတွင်း ပျက်စီးခဲ့ပြီး နောက် လက်ရှိကာလအထိ ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးသော်လည်း လျှပ်စစ်မီတာဘောက် တပ်ဆင် ထားသည့် ဒေသခံများအား မီတာထိမ်းသိမ်းခ တစ်လုံးလျှင် ကျပ်၅၀၀ လစဥ် ပေးသွင်း နေကြရပြီး သတ်မှတ် ရက် ကျော်လွန်ပါက တစ်ရက် တစ်ထောင်ကျပ်နှုန်းဖြင့် ဒဏ်ကြေးငွေ ပေးဆောင်နေရကြောင်း မြဝတီ မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“မီတာထိန်းသိမ်းခဆိုပြီး စာရွက်နဲ့လာတာ၊ တစ်လကို ၅၀၀ လတိုင်း မီးရုံးကိုသွားပေးရတယ်၊ မပေးလို့မရဘူး။ မပေးရင် လာပြီး စာရွက်လာပေးတဲ့လူတွေက မပေးတဲ့ အိမ်တွေကို မီးရုံး စာရေးတွေက မှတ်ထားတယ်။ ရက်လွန်မှ သွားဆောင်ရင် တစ်ရက်လွန် တစ်ထောင်၊ ငါးရက် ဆယ်ရက် လွန်ရင်တော့ ငါးထောင် တစ်သောင်း ဒဏ်ကြေး ပေးရတယ်။ မီးတာပုံး ဖြုတ်မယ် သိမ်းမယ် ပုံစံမျိုး ပြောဆိုတာမျိုး ကြားဖူးထားတော့ မီးမလာ လည်း ငွေသွားပြီး သွင်းနေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသောကြောင့် မြဝတီမြို့ ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများအနေဖြင့် ထိုင်းနိုင်ငံဘက်ကမ်းမှ သွယ်ယူထားသည့် မီးလိုင်းများမှတဆင့် အခမဲ့ အားသွင်းခွင့်ပြုထားသည့် နေရာများတွင် အိမ်သုံးပစ္စည်းများ စုပေါင်းအားသွင်း အသုံးပြုနေကြရပြီး ငွေကြေး တတ်နိုင်သူအချို့ နှင့် လုပ်ငန်း ရှင်များ က မီးစက်၊ ဆိုလာ(Solar) အားသွင်း စနစ်များ အသုံးပြု၍ လုပ်ငန်းလည်ပတ် လုပ်ကိုင်နေကြကြောင်း မြို့ခံများက ဆိုသည်။

ထို့အပြင် မြို့နေ ပြည်သူများ လျှပ်စစ်မီး ပြတ်တောက်နေချိန် မြဝတီမြို့ စစ်ကောင်စီ အုပ်ချုပ်ရေးရုံးများ၊ စစ်ကောင်စီ တပ်စခန်း နှင့် နီးစပ်သူများ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ နေထိုင်သည့် နေရာများတွင်မူ ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို တစ်ယူနစ် ၁၀ဘတ်နှုန်းဖြင့် ဈေးကြီးပေး အသုံးပြုနေကြကြောင်း မြို့ခံများက ပြောသည်။

“အခုက မြဝတီမှာက ထိုင်းဘက်ကမ်းက မီးကလည်း စျေးတက်၊ မြန်မာပြည်တွင်းကလာတဲ့ ဆိုလာ (Solar) တို့၊ မီးစက်တို့ကလည်း စျေးနှစ်ဆလောက် တက်နေတော့ ဓာတ်ဆီစျေး ဘက်ထရီအိုးစျေးတွေက စျေးကြီး လာတယ်၊ လမ်းကြောင်း ကယ်ရီခက ဂိတ်ပေါင်းများစွာ ဖြတ်လာရတော့ ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင် နှစ်ခုဖိုး စာလောက် ကုန်နေတယ်။ ထိုင်း မီတာခက တစ်ယူနစ် ၆ဘတ် ၊ အခု ၁၀ဘတ် ၊ ၁၂ ဘတ် ဖြစ် နေတယ်။” ဟု လျှပ်စစ်မီးဖြင့် တွင်ခုံ လုပ်ငန်း လုပ်ကိုင်သူ မြဝတီ မြို့ ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လတ်တလော ပျက်စီးသွားသည့် ဓာတ်အားခွဲရုံ စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင် ပြုပြင်ရန်အတွက် အရံစက်ပစ္စည်းများအား နေပြည်တော်ရုံးချုပ်မှ တဆင့် စက်အပို ပစ္စည်းများရရှိရန် စောင့်ဆိုင်းနေဆဲ ကာလ ဖြစ်နေသောကြောင့် လျှပ်စစ်မီး ပြန်လည်ရရှိရန် သေချာမပြောနိုင်သေးကြောင်း မြဝတီမြို့ လျှပ်စစ်ဌာန သတင်း အရင်း အမြစ်ကပြောသည်။