Home သတင်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသော ဝေါမြို့နယ် ဒေသခံ (၂၀) ဦးအား ပြန်လွတ်ပေးခြင်းမရှိသေး

စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသော ဝေါမြို့နယ် ဒေသခံ (၂၀) ဦးအား ပြန်လွတ်ပေးခြင်းမရှိသေး

1209

ဧပြီလ(၂၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဝင်းကဒတ်ကျေးရွာရှိ ဒေသခံ(၂၀)ဦးအား စစ်ကောင်စီက ဘုရားကြီးစစ်ကြော ရေးစခန်းသို့ ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိ သေးကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နေ့ ညနေပိုင်းက ညောင်ခါးရှည်နယ်မြေ ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး၏ သတင်း ပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါဖမ်းဆီးခံလိုက်ရသည့် ဒေသခံများမှာ ရဲစခန်းတိုက်ခိုက်မှုနှင့် မသက်ဆိုင်သည့် ဒေသခံများဖြစ်ကြောင်း ဝေါမြို့ခံတစ်ဦးက ပြောသည်။

“ဖမ်းခံရတဲ့သူအကုန်လုံးက‌ ဒေသခံတွေပါ။ အဲ့ဒီအထဲမှာ Non CDM ကျောင်းဆရာ တစ်ယောက်လည်းပါတယ်။ အုပ်ချုပ်ရေးမှူးက သူနဲ့ဆက်ဆံရေးမကောင်းတဲ့သူတွေကို ညောင်ခါးရှည်ရဲစခန်းပစ်ခတ်မှုနဲ့ဆိုင်တယ်ဆိုပြီး စစ်တပ်ကိုသတင်းသွားပေးလို့ အဖမ်းခံလိုက်ရတာ။ ဘုရားကြီး စစ်ကြောရေးစခန်းကို ခေါ်သွားတယ်။ တစ် ယောက်မှပြန်မလွတ်သေးဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရပြီး‌နောက်ပိုင်း စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်ထားပြီး ညောင်ခါးရှည်ရွာ အဝင်လမ်းကြောင်းများတွင် ကင်းပုန်းဝပ်ခြင်း နှင့် အနီးအနားရှိကျေးရွာများသို့ ဝင်ရောက်၍ ဒေသခံ ရွာသား များအား စစ်ဆေးမေးမြန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ‌ရဲစခန်းပစ်ခတ်မှုတွင်ပါဝင်သည့် ဝေါမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံက ပြောသည်။

၎င်းက “ဝင်းကဒတ် စစ်တောင်းမြစ်ကမ်းနားကသူတွေကို ဖမ်းသွားတာ။ လက်ရှိစစ်ကြောရေးကိုပို့ပြီး စစ်တုန်း ပဲ။ ဘယ်သူမှပြန်မလွတ်သေးဘူး။ ရွာတွေကိုလည်း စစ်တပ်ကရောက်လာပြီး စစ်ဆေးရေး တွေလုပ်တယ်။” ဟု အဆိုပါ တာဝန်ခံက ဆိုသည်။

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ညောင်ခါးရှည်ရဲစခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ တန်းစီနေကြ ချိန်တွင် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပဲခူးခရိုင်တပ်ရင်း(၃၇၀၁)တို့မှ ပူးပေါင်း၍ ဝင်ရောက် ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝေါမြို့နယ်-ပကဖ က ဧပြီလ(၂၈) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အတူ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေး မှူးရုံးအား ပူးပေါင်းတပ်များက ဗုံးဖြင့်ပစ်ခတ်ခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း အဆိုပါထုတ် ပြန်ချက်အရ သိရသည်။