ဧပြီလ (၂၄)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်အနီး သောင်ရင်းမြစ်ကမ်းတွင်ရှိသော ပလောတပို့ စစ်ရှောင် စခန်း ထဲ၌ ယမန်နေ့ညနေပိုင်းက မိုးသက်လေပြင် ကျရောက်မှုကြောင့် လေးကေ့ကော်စစ်ရှောင် ပြည်သူများနေ ထိုင်သည့် ယာယီနေအိမ် ၆ လုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း လေးကေကော်မြို့သစ် အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်ကပြောသည်။
ယမန်နေ့ ညနေပိုင်းလောက်ခန့်က ကရင်ပြည်နယ် အနှံ့အပြား မိုးသက်လေပြင်များ ကျရောက်ခဲ့ပြီး စစ်ရှောင် ပြည်သူများနေထိုင်ရာနေအိမ်များလည်း ထိခိုက်ခဲ့သောကြောင့် ယာယီလူနေအိမ် ၆ လုံးခန့်ပြိုကျခဲ့ကာ အချို့ သောနေ အိမ်များမှာ အမိုးလွင့်စင် သွားပြီး လက်ရှိ တွင် ပြိုကျသွားသည့် နေအိမ်များကို ပြန်လည် ပြုပြင် ပေးနေကြောင်း အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ယခုလိုပြောသည်။
“အိမ် ၆လုံးလောက်လဲသွားတယ်။ တစ်ချို့အိမ်တွေကျတော့လည်းအမိုး ကွာသွားတာတို့ရှိတယ်။ ကမ်းပါးပြို ကျတာတွေတော့မရှိဘူး။ လက်ရှိတော့ ပြန်လည်ပြုပြင်နေတာတွေတော့ရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့် ပလောတပို့စစ်ရှောင် စခန်းအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့သည့်အတွက် စစ်ရှောင်ပြည်သူအချို့ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း လေးကေကော် လူငယ်ကွန်ရက်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသေးသည်။
အလားတူ သောင်းရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်သည့် အခြားသောစစ်ရှောင်ပြည်သူများ၏ နေရာများတွင်လည်း မိုးသက်လေပြင်းကျရောက်မှုကြောင့် ယာယီဆောက်လုပ်ထားသည့် တဲများ၏ တာလပတ် အမိုးအကာများ လွင့်ထွက်ကုန်ကြောင်း စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

“မနေ့ညနေပိုင်းကလေတိုက်တာ တော်တော်ကြမ်းတယ်။ ဦးတို့နေရာက တာလပတ်နဲ့ပဲ ကာထားတော့ မိုးဒဏ် လေဒဏ်မခံနိုင်ဘူး။ မိုးဆက်ရွာလာမယ်ဆိုရင်တော့ တာလပတ်နဲ့နေလို့အဆင်မပြေတော့ဘူး”ဟုကေအိုင်စီ သို့ ပြောသည်။
သို့သော် ပလောတပို့ စစ်ရှောင်စခန်းတွင် လာမည့် မိုးရာသီကာလ မစတင်ခင် နေရာထိုင်ခင်းများကို မိုးဒဏ် လေဒဏ်များ ခံနိုင်စေရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။
ထိုသို့ မိုးသက်လေပြင်းကျရောက်မှုကြောင့် သောင်းရင်းမြစ်ကမ်းတစ်လျှောက်ရှိ နေရာဒေသအသီးသီးမှ ထွက်ပြေးတိမ်းရှောင်လာကြသော အခြားသော စစ်ရှောင်စခန်းများရှိ နေအိမ်ထိခိုက် ပျက်စီးမှု အရေအတွက် အသေးစိတ်ကိုမူ မသိရသေးပေ။
လက်ရှိ အဆိုပါ ဒေသတွင် စစ်ကောင်စီ နှင့် နယ်မြေခံ လက်နက်ကိုင် အဖွဲ့အစည်းများအကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတော့သောကြောင့် လေးကေကော်၊ထီးမယ်ဝါးခီး၊ ဖလူး၊ ဝေါလေ၊စသည့်နေရာများမှ တစ်ချို့ ဒေသခံရွာသားများ မိမိနေရပ်ပြန်နေထိုင် လျက်ရှိကြသော်လည်း မဲကနယ် ဒေသ တိုက်ပွဲကြောင့် စစ်ရှောင် လာသူများရှိကြောင်း နယ်မြေခံ စစ်ဘေးရှောင် တာဝန်ရှိသူများထံမှ သိရသည်။



















