ဧပြီ၊ ၂၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)ကြားတွင်ရှိသည့် စစ်ကောင်စီ၏ မယ်စိထာ ဂိတ်စခန်းတစ်ခုကို ယနေ့ ဧပြီလ (၂၄)ရက်နေ့ နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူဘက်မှ သတင်းထုတ်ပြန်သည်။
အမှတ် (၈) စစ်ဆင်ကွပ်ကဲရေးဌာနချုပ်လက်အောက် ခြေမြန်တပ်ရင်း(ခမရ-၄၀၁) လက်အောက်ခံတွင်ရှိသော အဆိုပါ ဂိတ်စခန်းကို ယနေ့နံနက် (၄)နာရီ မိနစ်(၃၀) အချိန်တွင် KNLAဘက်မှ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကာ နာရီဝက်ခန့်အကြာ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ကေအဲန်ယူ ၏ သတင်းထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
မယ်စိထာ ဂိတ်စခန်းသည် စစ်ကောင်စီ၏ အချက်အချာကျသည့် ဂိတ်စခန်းတစ်ခုဖြစ်ကာ သွားလာနေသည့် ပြည်သူလူထုများကို စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်းနှင့် စခန်းတွင်းထဲသို့ လူသားဒိုင်းများ ခေါ်ယူ ထားခြင်း စသည့် ကျူးလွန်မှုများကို လုပ်ဆောင်နေသည့် ဂိတ်စခန်းတစ်ခုဖြစ်သည်ဟုလည်း ကေအဲန်ယူ ဘက်မှ ဆိုသည်။
ထိုသို့ စခန်းတွင်း တက်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီ၏ ပစ္စတို MA 5 ၁လက်၊ K3 79 ၁လက်၊ K3 ၃လက်၊ ကျည်ဘောက် ၂၀ခု၊ ကျည်ဆံ ၁၅၀၀ထောင့် သိမ်းဆည်းရမိကြောင်းလည်း KNU၏ သတင်းထုတ်ပြန် ထားချက်ထဲတွင် ဖော်ပြထားသည်။
မယ်စိထာ ဂိတ်စခန်းတက်ရောက်တိုက်ခိုက်ရာတွင် KNLAတပ်မဟာ(၁)နှင့် တပ်မဟာ(၅)တို့ ပူးပေါင်း တက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA တပ်မဟာ(၁)ဘက်မှ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီးစောရမ်ဗိုနှင့် KNLAတပ်မဟာ(၅) ရှိ(၁၀၂) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့မှ ဦးဆောင်ခဲ့ခြင်းဖြစ်ကာ KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
မယ်စိထာစစ်ကောင်စီ စခန်းသည် ဖာပွန် -ကမမောင်း လမ်းမပေါ်ရှိ မီးဇိုင်းကျေးရွာအုပ်စုတွင်ရှိသည့် စစ်ကောင်စီ ဂိတ်စခန်းတစ်ခုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား (၁၅) ဦးခန့်နေထိုင်သည်ဟုသိရသည်။



















