Home သတင်း “ကရင်လူမျိုးတို့၏ ဝိသေသလက္ခဏာနှင့် အနာဂတ်” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

“ကရင်လူမျိုးတို့၏ ဝိသေသလက္ခဏာနှင့် အနာဂတ်” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

1462

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း ကရင်လူငယ်များဦးဆောင်၍ “လူမျိုးတစ်မျိုး၏ အထွဋ်အမြတ်ထားရာ ဝိသေသလက္ခဏာနှင့် ကရင်လူမျိုးတို့၏အနာဂတ်” ခေါင်းစဉ်ဖြင့် ယနေ့ ဒီဇင်ဘာလ(၁၂) ရက်နေ့ညတွင် ၎င်းတို့ Ayeyarwaddy Karen Youth ၏ လူမှုကွန်ရက်စာမျက်နှာတွင် အွန်လိုင်းအစီအစဉ်ဖြင့် Live လွှင့်၍ စကားဝိုင်းဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို ကရင်အမျိုးသားအလံတော်အကြောင်း လူထုပိုမိုသိရှိလာစေရန်၊ အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်နိုးကြားလာစေရန်နှင့် လူမျိုးတစ် မျိုး၏တန်ဖိုးထားရာ ဝိသေသလက္ခဏာများကို တခြားသောလူမျိုးများမှ လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ကရင်လူငယ်များအဖွဲ့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“လူမျိုးတစ်မျိုးမှာဆိုရင် ဘာကိုအထွဋ်အမြတ်ထားသလဲ၊ ကရင်လူမျိုးလို့ပြောလိုက်ရင် ဝိသေသလက္ခဏာတွေ ကဘာတွေလဲဆိုတာကို ကျနော်တို့ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်တွေက မေးခွန်းတွေနဲ့အတူဆွေးနွေးပေးသွားမှာပါ။ ကရင်လူငယ်အစည်းအရုံးတို့လို အခြားလူငယ်တွေနဲ့အစုအဖွဲ့တွေကိုလည်း ဆွေးနွေးပွဲမှာပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ Zoom နဲ့ပြုလုပ်မှာဖြစ်လို့ နားထောင်လို့ရတယ်၊ မေးခွန်းတွေလည်းမေးလို့ရပါတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ကရင်လူမျိုးအပြင် အခြားတိုင်းရင်းသားလူမျိုးများ အနေဖြင့်လည်း ၎င်းတို့ လှုမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်ရိုက်တင်ဆက်သွားမည်ဖြစ်သောကြောင့် ဝင်ရောက်နားထောင်နိုင်သလို ၎င်းဆွေးနွေးပွဲမှတဆင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား အသိအမှတ်ပြု တန်ဖိုးထားလေးစားခြင်း၊ လူမျိုးတစ်မျိုး၏ ဖြစ်တည်နေသည့်အရာ ဖြစ်ချင်သည့်အရာများကို နားထောင်ပေးခြင်းဖြင့် အသိအမှတ်ပြုခြင်းရှိလာရန် မျှော်မှန်းကြောင်းလည်း ထိုလူငယ်က ဆက်ပြောသည်။

၎င်းဆွေးနွေးပွဲကို ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ နော်ဆဲဆဲ၊ ကရင်လူငယ်တက်ကြွလှုပ်ရှားသူ စောအယ်လ်ဘတ်ချို၊ ကရင်တတ်သိပညာရှင် စောကပီနှင့် ကရင်လူငယ်အစည်းအရုံး(KYO)မှ စောလယ်နယ်တို့မှ ပါဝင်ဆွေးနွေး ကြမည်ဖြစ်ပြီး မြန်မာစံတော်ချိန်ည(၇)နာရီမှ ည(၈)နာရီ(၃၀)မိနစ်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဧရာဝတီတိုင်း ကရင်လူငယ်များမှဦးဆောင်ပြီး ယခုလ ဒီဇင်ဘာလ(၃)ရက်မှ (၁၅)ရက်နေ့အထိ ပြုလုပ်နေသည့် ကရင်အလံတော်ပေးဝေနိုင်ရေး Campaign တွင် ကရင်လူထုပါဝင်မှုအတိုင်းအတာသည် သတ်မှတ်ထားသည့်ပမာဏမပြည့်မီသေးသဖြင့် ထပ်မံပါဝင်ကြရန် ၎င်းဦးဆောင်ကော်မတီဝင်က တိုက်တွန်းထားသည်။