Home သတင်း မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်မိန်းကလေး လုယက်ခံရပြီး လည်လှီးခံရ

မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်မိန်းကလေး လုယက်ခံရပြီး လည်လှီးခံရ

1472
Photo: CJ

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အုတ်ဖိုပတ်လမ်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည(၁၁)နာရီခွဲအချိန်တွင် ဆိုင်ကယ်တက္ကစီသမားတစ်ဦးနှင့် ခရီးသည်မိန်း ကလေး တစ်ဦးကို ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားခဲ့သည်ဟု ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

မော်လမြိုင်မြို့ရှိ အုတ်ဖိုပတ်လမ်းတွင် ဒဏ်ရာများဖြင့် လဲကျနေသည့် တက္ကစီသမားတစ်ဦး၏ ရင်ဘတ်နှင့် လည်ပင်းတွင် ဒဏ်ရာ(၂)ချက် ရရှိခဲ့ပြီး လိုက်ပါစီးနင်းလာသည့် အမျိုးသမီးတွင်မူ လည်ပင်းနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကာ သူတို့နှစ်ဦးလုံးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်မှု မရှိသေးကြောင်း ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“တက္ကစီသမားက ရင်ဘတ်မှာတစ်ချက်ထိတော့ အော်ပရေးရှင်းလုပ်ရမယ်။ အသက်စိုး ရိမ်မှုထိတော့ မရှိသေးပါဘူး။ မနေ့ည(၁၁)ခွဲလောက်က အုတ်ဖိုပတ်လမ်းမှာ ဖြစ်တာ။ ခုဏကတော့ သူတို့တက္ကစီသမားတွေ (O)သွေးလိုနေတယ်လာပြောတယ်။ ရင်းနှီးတဲ့သူ ငယ်ချင်းက ပြန်လုပ်တာပဲ။ သူတို့ရဲ့ ဆိုင်ကယ်ဘေးကနေ လိုက်လာပြီး လူပြတ်တဲ့နေရာ ရောက်တော့ လုပ်ကြံတာလို့ ပြောတယ်။ ညက ဆေးရုံရောက်တော့ ရဲတွေပြောပြလို့ သိတယ်။ တက္ကစီသမားဦးလေးက ရင်ဘတ်တစ်ချက် လည်ပင်းက တစ်ချက် မိန်းကလေး ကတော့ လည်ပင်းထိတယ်၊ ကျန်တာပွန်းပဲ့ဒဏ်ရာရှိတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထို့အပြင် မော်လမြိုင်မြို့တွင် ညမထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ် ထုတ်ပြန်ထားသော်လည်း ညအချိန်ပိုင်းတွင် လူငယ်များနှင့် ဒုစရိုက် သမားများက ရပ်ကွက်နေရာများနှင့် အမှောင်ရိပ်ရှိသည့် နေရာများတွင် စုရုံးလျက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရပ်ကွက်ထဲမှာလည်း ထောင်ကထွက်လာတဲ့လူတွေလည်းများတော့ လုယက်တာက အမြဲဖြစ်တယ်။ ညမထွက်ရအမိန့်ထုတ်ထားလည်း ထွက်နေကြတာပဲ။ လူပေါင်းစုံပါပဲ သာယာအေးဘက်မှာ မှောင်ရိပ်ခိုတဲ့ပုံစံနဲ့ နေနေကြတာ”ဟု ၎င်းဒေသခံက ပြောသည်။

အလားတူ ခိုးယူလုယက်မှုများသည် မွန်ပြည်နယ် မော်လမြိုင်မြို့တွင်သာမက အခြား မြို့ပြကြီးများတွင်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယမန်နေ့က ဖြစ်စဉ်သည် စစ် ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။